BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Wednesday, September 19, 2012

ကံဟူသည်မှာ အဘယ်နည်း?ဖန်ဆင်းရှင်လော ?(သို့မဟုတ်)သီးခြားဘုံတစ်ခုအဖြစ်တည်ရှိနေခြင်းလော?


လူတိုင်း၌ ကံ ဥာဏ် ၀ီရိယ သုံမျိုးရှိပါသည်။ ဥာဏ် ၊၀ီရိယ နှင့်ပတ်သက်၍ လူတိုင်းနားလည်နိုင်သည်မဖြစ်၍ ပြဿနာမပေါ်ပါ။ လူတိုင်းကလက်ခံကြသည်။ ကံနှင့်စပ်လျဉ်းလာလျှင်မူကား ကံမရှိဘူးဆိုသူကဆို ကံကိုမယုံဘူးဟု ပြောသူက ပြောကြသည်။မိမိတို့ဗုဒ္ဓဘာသာဝင် ထဲကပင်လျှင် အသိဥာဏ်နည်းပါးသောသူတွေက ဒါမျိုးကိုလက်မခံသေးသူကရှိသေးသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြားသောဘာသာဝင်များဆိုလျှင် ပြောစရာပင်မလိုတော့ချေ။ ကံကိုမယုံဘူး ကံမရှိဘူး ဟုပြောသူများသည် မိမိအခြေနေ မိမိ၏အပြုမူများကို မသုံးသပ်မဆင်ခြင်မိသဖြင့် မိမိကိုယ်ကို ပြန်လည်ဆန့်ကျင်မိကြသူများသာ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုကံကိုမယုံသူများသည် မိမိတို့မယုံဘူးဆိုသောကံကိုပင် နေ့စဉ်နေ့တိုင်း
ပြုလုပ် ပြုမူနေကြသောကြောင့်ပင်ဖြစ်သည်။
ပါဠိဘာသာ ကမ္မ မှ ကံဟူသော ပါဠိသက် မြန်မာဝေါဟာရ ဖြစ်လာသည်။ အဓိပ္ပါယ်မှာ အလုပ်ဟူ၍
ပင်ဖြစ်ပါသည်။ မိမိတို့အပါဝင် နေ့စဉ်လှုပ်ရှားနေကြသော လောကလူသားတွေကို ဝေဖန်သုံးသပ်ကြည့်မည်ဆိုပါက ကံဟူသောဝေါဟာရကို နားလည်နိုင်မည်ဖြစ်သည်။ မည်သူမဆို
၁။- ကာယကမ္မ= ကာယကံ= ကိုယ်အမူအရာဖြင့် ပြုလုပ်ဆောင်ရွက်ခြင်း။
၂။-၀စီကမ္မ= ၀စီကံ= စကားဖြင့် ပြုမူဆောင်ရွက်ခြင်း။
၃။-မနောကမ္မ=မနောကံ= အတွင်းစိတ်သက်သက်ဖြင့် စိတ်ဖြင့်ကျိတ်၍ကြံစည်ပြုလုပ်ခြင်း။
ဤကံ(အလုပ်)သုံးမျိုးဖြင့် ကင်းနိုင်ကြသည်မဟုတ်ပေ။
မိမိတို့စားဝတ်နေရေး ပြေလည်မှုအတွက် နေထွက်မှသည် နေ၀င်သည်အထိ ပြုမူရုန်းကန်လှုပ်ရှား နေကြရသူများချည်းပင်ဖြစ်သည်။
မိမိတို့ခေါ်ဆိုနေကြသောကံဟူသည်မှာ တခြားသောဖန်ဆင်းရှင်များလည်းမဟုတ် သီးခြားဘုံတစ်ခုအဖြစ်တည်ရှိနေခြင်းလည်းမဟုတ် ကမ္မ=ကံ=အလုပ် ပင်ဖြစ်ပေသည်။
ကံနှင့်လူသားသည် တခြားစီမဟုတ် ၊ကံဟူသည် လူသားတို့၏ စွမ်းရည်တစ်မျိုးသာဖြစ်ကြောင်း နားလည်သဘောပေါက် သင့်ပါသည်။ ကံဆိုသည်မှာလည်း ဖြစ်သမျှ ရှေးအတိတ်ကံလက်ချက်ဟု အပြစ်ပုံချ၍မရ၊ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ယူရသည်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ပြီး
လက်ရှိဘ၀၏ ကောင်းကျိုးကိုရှာရမည်။ အနာဂတ်ကောင်းကျိုးကို ထူထောင်ရမည်ဖြစ်ပါသည်။
ကံဟူသောအလုပ်ကို လုပ်သဖြင့် လုပ်အားတန်ဖိုးကို ရရှိကြသည်။ အစိုးရအမှုထမ်းများသည် တိုင်းပြည်အတွက်အလုပ်လုပ်ကြသောကြောင့် ထိုလုပ်အားအတွက် တိုင်းပြည်က ပြန်လည်ချီးမြင့်သော လစာရိက္ခာများရရှိကြသည်။ ကုန်သည်များသည်လည်း ကုန်ရောင်းကုန်ဝယ်လုပ်ငန်းမှ အမြတ်အစွန်းများရရှိခံစားကြရသည်။
စိုက်ပျိုးရေးသမားတို့သည်လည်း စိုက်ပျိုးမှုလုပ်ငန်းမှ သီးနှံများဖြစ်ထွန်းလားပြီး ထိုမှအကျိုးအမြတ်ကို
ခံစားကြရသည်။ ကျောင်းသူ ကျောင်းသားများသည်လည်း ကျောင်းပုံမှန်တက် စာပုံမှန်ကျက်သဖြင့် မိမိတို့မျှော်မှန်းရာပန်းတိုင်ကို လွယ်ကူစွာရောက်ရှိနိုင်ကြသည်။
အစိုးရဥပဒေကိုလေးစားလိုက်နာပြီး ရာဇ၀တ်ပြစ်မှုများကို ရှောင်ကြဉ်ကြသူများမူကား ကိုယ်ချမ်းသာ စိတ်ချမ်းသာစွာနေရသည်။ အများအကျိုးကို ဆောင်ရွက်ကြသူများ တိုင်းပြည်အတွက်အလုပ်လုပ်သူများသည်လည်း သက်ဆိုင်ရာအစိုးရ ဥပဒေများအရာ ဆုလာဘ်ပဏ္ဏာကို ခံယူကြရသည်။
သက်ဆိုင်ရာလူမှုပညတ်ချက်နှင့် ဘာသာရေးဝါဒ လမ်းညွန်ချက်များကြောင့် ပရဟိတ လုပ်အားကို သရုပ်ဖော်ကြ၏။ စုပေါင်းလုပ်ကိုင်ကြ၏။ တစ်ဦးနှင့်တစ်ဦးကူညီ ရိုင်းပင်းကြ၏။ ကိုယ်ကျင့်တရားများ ထိန်းသိမ်းကြ၍ တစ်ဦးကိုတစ်ဦးရိုသေ ကိုင်းညွတ်ကြ၏။ ချစ်ခင် လေးစား မေတ္တာထားကြ၏။
ဤသည်ကို ကုသလကမ္မ =ကုသိုလ်ကံ= ကောင်းသောအလုပ်ဟု ခေါ်ဆိုရ၏။
နိုင်ငံတိုင်း ဘာသာတရားတိုင်း၌ လူမှုပညတ်ဟူသောလောကဥပဒေ သက်ဆိုင်ရာဘာသာတရား၏ဥပဒေ ရှိ၏။ ထိုဥပဒေကို လူတိုင်း၌ လိုက်နာကျင့်သုံးနေကြရ၏။
ခိုးယူခြင်း၊လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်းအမှုပြုခြင်း၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ ပုန်ကန်ခြင်းစသော အပြစ်တို့ကို ကျူးလွန်မိသူသည် မိမိ၏ မကောင်းသောအလုပ်ကြောင့် လောကဥပဒေအရ ငွေဒဏ်၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်၊ ကြိုးပေးခံရခြင်းဒဏ်၊ သေဒဏ် ခံကြရသည်။
ထို၏အခြားတစ်ဘက်တမလွန်ဘ၀၌လည်း သက်ဆိုင်ရာဘာသာတရား၏ ဥပဒေဒဏ်ကို ခံရဦးမည်ဖြစ်ပါသည်။ ဤသည်ကို အကုသလကမ္မ=အကုသိုလ်ကံ= မကောင်းသောအလုပ်ဟု
ခေါ်ဆိုရသည်။ မိမိအနေနဲ့လည်း ရန်ကုန်မြို့ရှိ YMCA Church နှင့်New Life Church ကို Service အနေနဲ့ရော အင်္ဂလိပ်စာအနေနဲ့ပါ နှစ်နှစ်ကျော်ကျော်တက်ရတာမို့လို့ ကံကိုမယုံဘူး ကံဆိုတာမရှိဘူး ဆိုတဲ့စကားကို မကြာခဏ ပြောသံကြားဖူးပါသည်။ ကံဆိုတာဘာလဲ ဒီမေးခွန်းကိုလည်း မကြာခဏအမေးခံခဲ့ရဖူးပါသည်။ မြန်မာလိုအနေနဲ့အဖြေပေးရတဲ့အခါ အထိုက်
သူများနားလည်သဘောပေါက်အောင်ဖြေကြား နိုင်ခဲ့ပေမယ့် အမှန်ပြောရရင်တော့မိမိကိုယ်မိမိတော့
အားမရခဲ့ပေ။ နိုင်ငံခြားသားများလည်းမကြာခဏဆိုသလိုအမေးခံခဲ့ရဖူးပါသည်။ အဲဒီတုန်းက မိမိအနေနဲ့ အင်္ဂလိပ်စာကို မတောက်တစ်ခေါက်နဲ့ပြောတတ်ခါစမို့ သူများအားရနိုင်လောက်တဲ့အထိတော့ ဖြေကြားနိုင်ခဲ့ခြင်းမရှိပါဘူး။ သူတို့အနေနဲ့ ကံကိုမယုံဘူး
ကံမရှိဘူးလို့သာပြောနေကြတာ တကယ်တမ်းကျတော့ Good Luck! ကံကောင်းပါစေ ဆိုတဲ့စကားကိုတော့ တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြု ပြောဆိုနေတာကိုတော့ တွေ့ဖူး ကြုံဖူးလိမ့်မည် ထင်ပါသည်။ တကယ်လို့သာ အထက်ဆိုခဲ့အတိုင်းဘဲ ကံဆိုတာ အလုပ်ပါဘဲ လို့သူတို့တစ်တွေ သဘောပေါက်ခဲ့ရင် ကံရှိကြောင်းကို သူတို့လက်ခံယုံကြည်နိုင်လိမ့်မည်ထင်ပါသည်။ ကမ္မ=ကံ=အလုပ်ဟူသောဆိုလိုရင်း အကျဉ်းချုပ်မှာ’’
ဘယ်သူမပြု မိမိအမှု’’ ဟူသည်နှင့်အညီ ရှေးရှေးကပြုခဲ့သောအမှု(ကံ)၊ လက်ရှိပြုနေသောအမှု(ကံ)
အားလျော်စွာ တစ်စုံတစ်ဦးသောဖန်ဆင်းရှင်ကြောင့်မဟုတ်ဘဲ ကောင်းကျိုး မကောင်းကျိုးကို ရရှိခံစားနေကြရခြင်း ဖြစ်ပါသည်။(ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်)။

Thursday, September 13, 2012

တစ်မလွန်ဘ၀ကို လက်ခံခြင်းနှင့် လက်မခံခြင်း။

သေလျှင်ပြတ်တာဘဲ၊နောက်ဘ၀ဆိုတာမရှိဘူးဟူ၍ တမလွန်ဘ၀ကိုလက်မခံသောသူသည် ကိုယ့်ကျိုး ကိုယ့်စီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ရဲလာသည်။ ထို့ကြောင့်ယခုဘ၀မှာပင် ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ရှုတ်ချမှုကို ခံရသည့်အပြင် လောကပြစ်ဒဏ်ကိုလည်းခံရနိုင်သေးသည်။
ဤကား တမလွန်ဘ၀လက်မခံခြင်းအတွက် ယခုဘ၀ခံစားရသော ဆိုးကျိုးပင်ဖြစ်၏။
သူထင်သလို တမလွန်ဘ၀မရှိခဲ့လျှင် တော်ပါသေး၏။ အကယ်၍တမလွန်ဘ၀ရှိခဲ့လျှင် မကောင်းမှုကိုသာလုပ်ခဲ့သူဖြစ်သောကြာင့်
အကောင်းသောဘုံသို့ရောက်ပြီး မကောင်းကျိုးမျာကိုသာခံစားနေရပေလိမ့်မည်။ ထို့ကြောင့်တမလွန်ဘ၀ကို
လက်မခံသောသူအတွက် ယခုကော နောင်ပါကောင်းနိုင်လိမ့်မည်မဟုတ်ပေ။
တမလွန်ဘ၀ကိုလက်ခံသောသူသည်ကား မကောင်းတာကိုလုပ်လျှင် မကောင်းကျိုးခံစားရမည်။မကောင်းသောဘုံသို့ရောက်မည်ဟု ယုံကြည်သောကြောင့် မကောင်းတာမှန်သမျှ မလုပ်ဖြစ်တော့။
ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်။ ကောင်းသောဘုံသို့ရောက်မည်ဟူ၍ ယုံကြည်သောကြောင့် လောကကိုကောင်းကျိုးပြုသော ပရဟိတအလုပ်ကို
များများလုပ်ဖြစ်၏။ ထို့ကြောင့် ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းခြင်းကိုခံ၏။ ဤကားတမလွန်ဘ၀ကို လက်ခံသောသူအတွက် ယခုဘ၀မှာ ရသောကောင်းကျိုးပင်ဖြစ်၏။
ထိုသူသေသွားလျှင် နောင်ဘ၀ဆိုတာမရှိခဲ့လျှင်လည်းဘာမှမဖြစ် နောင်ဘဝ
ရှိခဲ့လျှင်လည်း ကောင်းတာကို ပြုလုပ်ခဲ့သောသူဖြစ်သောကြောင့် ကောင်းသောဘုံသို့ရောက်ပြီး ကောင်းသောအကျိုးကိုသာခံစားရမည်ဖြစ်သည်။
ဤကားတမလွန်ဘ၀ကို လက်ခံသောသူအတွက် သံသရာကောင်းကျိုးပင်ဖြစ်၏။
ဤအကြောင်းကို မြတ်ဗုဒ္ဓသည် အပဏ္ဏဇတ်တော်တွင် တမလွန်ဘ၀ကို လက်ခံခြင်းနှင့် လက်မခံခြင်းအတွက် ဖြစ်ပေါ်နိုင်မည့် အကျိုးဆက်များကို
ဟောထားတော်မူခဲ့ခြင်းဖြစ်ပါသည်။ ( မေတ္တာရှင်ရွှေပြည်သာဆရာတော်အရှင်ဇ၀န)။

Friday, September 7, 2012

ရုပ်ပွားဆင်းထုတော် ပူဇော်ရခြင်းအကျိုးများ။



မြတ်စွာဘုရား၏ရုပ်ပွား ဆင်းထုတော်ကို ပူဇော်ရှိခိုးကြသည့်သူများသည် ‘’သက်တော်ထင်ရှားမြတ်စွာဘုရားပါတကား’’ ဟုဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးသူများဖြစ်ကြပါသည်။
ဤကဲ့သို့ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် ‘’သမေ စိတ္တေ သမံ ဖလံ ‘’ဆိုသည့်အတိုင်း ဘုရားဟောပါဠိတော်အရ
အကျိုးထူးများ ရရှိနိုင်ပါသည်။
‘’ စိတ္တေ၊မိမိစိတ်သည်။ သမေ၊သက်တော်ထင်ရှားမြတ်စွာဘရား၏ ဆင်းထုတော်နဲ့ အညီအမျှထားနိုင်သည်ရှိသော် ။ သမံ ဖလံ၊ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးထူးတရား အတူတူပင်ရရှိနိုင်ပါသည်’’ ထို့ကြောင့်ရုပ်ပွားဆင်းထုတော်ကိုယ်းကွယ်သူများ၏ စိတ်သည် အချုပ်ဖြစ်သည်။
မိမိစိတ်သည်စွမ်းလျှင် မိမိအား အကျိုးပေးမည်သာ ဖြစ်ပေသည်။
မိမိတို့နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းထုတော်ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်။ ဒီ့ထက်တတ်နိုင်ပါက စင်ကိုပိတ် လိုက်ကာ ၊သို့မဟုတ် ဇာလိုက်ကာဖြင့် ကန့်လန့်ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့်အချိန်တွင် ဘုရားစင်လိုက်ကာ ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။
ဘုရားစင်ရှေ့ ဒူးထောက်ပေါင်ကား မနေသင့်ပေ။ မြတ်ဗုဒ္ဓကို အဂါရ၀ဖြစ်အောင် ပြုလုပ်နေထိုင်လျှင်
အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်။ ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ ။အမင်္ဂလာ စကားမပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။
မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းထုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ
အကျိုးကျေးဇူး (၉) မျိုးရရှိပါသည်။
၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းဖြစ်သည်။

၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ယုံကြည်မှုလေးနက်လာသည်။

၃။ အိမ်တွင်ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ်
ထက်မြက်ခြင်းများဖြစ်လာသည်။

၎။ နေ့စဉ်နဲ့အမျှ ကုသိုလ်တရားများ တိုးပွားလာပါသည်။

၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေချာကြည့်၍ အာရုံပြုလိုက်ခြင်းအားဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှာ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။

၆။ အိမ်တွင်ဘုရားစင်ရှိသဖြင့် နာနာဘ၀ ၀နာဘ၀များ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။

၇။ ဆင်းရဲဒုက္ခများကို သည်းခံလာနိုင်သည်။

၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျ နနထားလျှင် အိမ်ကျက်သရေ၊ လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

၉။ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်အတူပေါင်းသင်းနေရသကဲ့သို့ ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။
(ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ ထုတ်ယူတင်ပြပါသည်)။

Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488