BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Saturday, June 8, 2013

တိုင်းရင်းသားဖြစ်ရေးမှသည် မွတ်ဆလင်ပြည်နယ်ထူထောင်ရေးနှင့် စိန်ခေါ်မှုများ

 
ခိုင်လင်း(မေဃ၀တီ) | မေလ ၃၀ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး)

မူရင်းလင့်..http://www.taunggyitime.com/2013/05/blog-post_8256.html

"စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့် တွေ့ဆုံပြီး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိအောင်လုပ်ပေးရန် ဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ အသွားတွင် မွတ်ဆလင်ခေါင်းဆောင် မစ္စတာဂျင်းနားနှင့် တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်နှင့်မောင်တောဒေသမှ မွတ်ဆလင်များက ပါကစ္စတန်ထဲသို့ ပူးပေါင်းရန် တောင်းဆိုမှုကို မိမိကိုယ်တိုင် မထောက်ခံကြောင်းပြောကြားခဲ့သည်။ မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားက ရခိုင်ပြည်မောင်တောနှင့်ဘူးသီးတောင်နယ်များကို ဘင်္ဂလားပြည် (ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)ထဲသို့ သွတ်သွင်းပေးရန် စစ်တကောင်းမူဆလင်အချို့က တောင်းဆိုချက်နှင့်ပတ်သက်၍ ဤသို့ လုံးဝမဖြစ်စေရပါဟု ပြောရင်း ဗမာပြည်သာမက မည်သည့်အခြားနယ်ပယ်ကိုမှ သိမ်းယူရန် သို့မဟုတ် တောင်းယူရန် မူဆလင်လိ(ခ်)၌ ရည်ရွယ်ချက်မရှိကြောင်း၊ ထိုကဲ့သို့ ဘင်္ဂလားပြည်အရှေ့ပိုင်းမှ လက်တဆုပ်မျှလောက်သော မူဆလင်လူမျိုးအချို့၏ တောင်းဆိုချက်ဆိုသည်မှာလည်း ဘာမှဂရုစိုက်စရာမလိုကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်" ဟု ၁၉၄၈ ခုနှစ်ထုတ် ဦးပုကလေးရေးတဲ့ ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ တတိယတွဲမှာ ဖော်ပြခဲ့ပါတယ်။

အထက်က ဦးပုကလေးရဲ့ ရေးသားချက်ဟာ ကနေ့အချိန်မှာ ရေးသားချက်မျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ (၆၅) နှစ် အပိုင်းအခြားကာလက ရေးသားထားတာဖြစ်တဲ့အတွက် ကနေ့ မိမိကိုယ်ကို ရိုဟင်ဂျာအမည်ခံယူထားတဲ့ ဘင်္ဂလီတွေရဲ့ နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို တောင်းဆိုမှုမျိုးမဟုတ်ဘဲ ရှမ်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီစတဲ့ တိုင်းရင်းသားတွေလို တိုင်းရင်းသားဖြစ်လိုမှုဟာ အတိတ်က (မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က) တိုင်းပြည်ဖဲ့ထုတ်ရေးအခင်းအကျင်းတွေနဲ့ ယှဉ်ထိုး စဉ်းစားစရာ၊ သံသယဖြစ်စရာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ တိုင်းရင်းသားဖြစ်ရေးနဲ့ နိုင်ငံသားဖြစ်မှုကို ရောထွေးသုံးနှုန်းခြင်းဟာ နိုင်ငံရေးပရိယာယ်တခုဖြစ်သလို လူ့အခွင့်အရေးရှုထောင့်မှ စာနာသည့်နိုင်ငံများရဲ့အားကို ရယူလိုတဲ့အတွက် နိုင်ငံတကာသို့ချပြတဲ့အခါ “တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးခြင်း“ လို့ မသုံးဘဲ “နိုင်ငံသားအခွင့်အရေး” ကိုသာ ချပြတာကို တွေ့ရပါတယ်။ နိုင်ငံတကာအမြင်မှာ နိုင်ငံသားတယောက် ဖြစ်ခွင့်နဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို ငြင်းပယ်ခံရတဲ့လူတွေကို တယောက်တည်းဖြစ်စေ စာနာတဲ့စိတ်နဲ့ ဖေးမကူညီပေးပြီး ဖိအားပေးတတ်တဲ့ သဘာဝရှိပါတယ်။ နိုင်ငံတကာဖိအားနဲ့အတူ အထူးသဖြင့် အစ္စလာမ်နိုင်ငံတွေရဲ့ဖိအား ရပ်တည်မှုကို လိုချင်လို့ သုံးနှုံးခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ မြန်မာလို ပြောဆိုရေးသားတဲ့အခါ တိုင်းရင်းသားအခွင့်အရေးအပေါ်မှာသာ ရပ်ကြတာကို တွေ့ရပါတယ်။ ဒါဟာ မရိုးသားခြင်းကို ညွန်ပြနေတာဖြစ်ပြီး အစိုးရအနေနဲ့လည်း နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ တောင်းဆိုမှုဟာ တိုင်းရင်းသားအခွင့်အရေးဖြစ်တယ်။ မြန်မာအစိုးရအနေနဲ့ဖြစ်ဖြစ် မြန်မာလူထုအနေနဲ့ဖြစ်ဖြစ် ဘင်္ဂလီတွေကို ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ကို လက်ခံကြောင်း ပြောဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံရေးသမားအချို့လည်း သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်အဖြစ် ထင်ရှားလိုသဖြင့် နိုင်ငံသားဆိုတဲ့ စကားလုံးကို မသုံးဘဲ တိုင်းရင်းသားလို့ သုံးနှုံးခြင်းမျိုးလား သို့မဟုတ် တိုင်းရင်းသားနဲ့နိုင်ငံသားကို ကွဲကွဲပြားပြားမသိ၍လား ဆိုတာ မပြောတတ်ပါဘူး။ ဆိုတော့ မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင် စတဲ့တိုင်းရင်းသားတွေရတဲ့ ပြည်နယ်ဖွဲ့စည်းခွင့် အခွင့်အရေးနဲ့ အိန္ဒိယ၊ တရုတ် စတဲ့အမျိုးသားတွေရဲ့ ရရှိမယ့် နိုင်ငံသားအခွင့်အရေးဟာ မတူပါဘူး။ VOA နဲ့ အင်တာဗျူးတခုမှာ ဒေါက်တာ ရင်ရင်နွယ်က - “ဘယ်သူမဆို ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိတယ်။ လိုအပ်ချက်တွေက အများအပြားရှိမယ်။ ဒါ နိုင်ငံတိုင်းမှာ ရှိတာဘဲ။ ဒါပေမယ့် တိုင်းရင်းသားဆိုတာ လျှောက်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး။ တိုင်းရင်းသားဆိုတာ မွေးရာပါ အခွင့်အရေးဖြစ်တယ်။ ဘယ်ဘင်္ဂလီ တရုတ် အိန္ဒိယ ဂေါရခါးတို့က ဘယ်တော့မှ တိုင်းရင်းသားဖြစ်ခွင့် မရှိဘူး။ တိုင်းရင်းသားနဲ့ နိုင်ငံသားကို ကွဲကွဲပြားပြား နားလည်ဖို့လိုတယ်“ လို့ ပြောကြားခဲ့ခြင်းဟာ သဘာဝအကျဆုံးအဖြေ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာနာမည်နဲ့ဖြစ်ဖြစ် အခြားနာမည်တခုနဲ့ဖြစ်ဖြစ် ဘင်္ဂလီတွေကို မြန်မာတိုင်းရင်းသားဖြစ်ရေးကို ရခိုင်လူထုက ငြင်းပယ်သလို မြန်မာတိုင်းရင်းသားပေါင်းစုံကလည်း ငြင်းပယ်ပါတယ်။ ဒီငြင်းပယ်မှုဟာ နိုင်ငံသားဖြစ်မှုကို ငြင်းပယ်ခြင်းမဟုတ်ပါဘူး။ နိုင်ငံသားအခွင့်အရေးအပေါ်မှာ ရပ်တည်ခြင်းဟာ ပြဿနာရဲ့ ” အဖြေ“ ဖြစ်သလို ရိုဟင်ဂျာအမည်နဲ့ တိုင်းရင်းသားတောင်းဆိုမှုဟာ ပြဿနာရဲ့ “ရင်းမြစ်“ ဖြစ်တယ်ဆိုတဲ့ ယခင်ဆောင်းပါးတွေမှာ ထောက်ပြခဲ့ဖူးပါတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ တိုင်းရင်းသားဖြစ်ရေး အိပ်မက်ရှည်ကို ရန်ကုန် စတဲ့ဒေသတွေက မွတ်ဆလင်တွေပါ ရပ်တည်ပေးလာခဲ့ခြင်းမျိုးတွေဟာ ရခိုင်ပဋိပက္ခကို အခြားဒေသတွေကိုပါ လက်ဆက်ကမ်းသလိုဖြစ်စေခဲ့တယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ ဖြစ်သူ ဦးရွှေမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စမှာ နိုင်ငံခြားသတင်းထောက်များရဲ့မေးခွန်းကို ဖြေကြားတဲ့အခါ ရိုဟင်ဂျာနာမည်က အရေးမကြီးကြောင်း၊ နိုင်ငံသားအခွင့်အရေး ရရှိရေးကသာ အရေးကြီးကြောင်း ပြောဆိုခဲ့ပေမယ့် သူကိုယ်တိုင် မတ်လ (၁၈) ၂၀၁၃ မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့မှာ ရိုဟင်ဂျာလူမျိုးကို ပြည်ထောင်စုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးဖို့ အဆိုတင်းသွင်းခဲ့ပါတယ်။ ရခိုင်ပဋိပက္ခဖြေရှင်းလို့ မပြီးပြတ်သေးတဲ့ အချိန်မှာ ပြဿနာတွေဆက်လက်ဖြစ်ဖို့ မြန်မာတိုင်းရင်းသားတွေ သံသယဆက်ပွားဖို့ ဒေါသတွေဆက်ဖြစ်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေလို ပြည်နယ်ရရှိရေးကို လိုချင်ပါတယ်။ ပြည်နယ်ထူထောင်ခွင့်ရရှိဖို့အတွက် ဥပဒေအရ တိုင်းရင်းသားဖြစ်တယ်ဆိုတာကို တရားဝင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဥပဒေအရ ဘင်္ဂလီတွေဟာ အချက်အလက်ပြည်စုံရင် နိုင်ငံသားဖြစ်ခွင့်ရှိပေမယ့် တိုင်းရင်းသားဖြစ်ခွင့် မရှိပါဘူး။ ဘင်္ဂလီတွေလိုချင်တဲ့ ပြည်နယ်ထူထောင်ရေးကို သွားဖို့အတွက် တိုင်းရင်းသားဖြစ်ရေးကို ဖြတ်ကျော်ရမှာဖြစ်တယ်။ ဒီတိုင်းရင်းသားဖြစ်ရေးကို ဖြတ်ကျော်ဖို့အတွက် ရိုဟင်ဂျာ သမိုင်းလိမ်ကို တီထွင်ရခြင်းဖြစ်တယ်။ ဒါကြောင့် ရိုဟင်နာမည်ကို ငြင်းပယ်ခြင်းဟာ သမိုင်းလိမ်ကို ငြင်းပယ်ခြင်းဖြစ်သလို တိုင်းရင်းသားဖြစ်ခွင့်ကိုလည်း ငြင်းပယ်ခြင်းဖြစ်တယ်။ ဒီလို ငြင်းပယ်ခြင်းဟာ ဘာသာရေးအပေါ်အခြေခံပြီး မုန်းတီးလို့ ငြင်းပယ်ခြင်းမျိုးမဟုတ်ဘူး။ ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းအပေါ်မှာ အခြေခံပြီး ငြင်းပယ်ခြင်းဖြစ်တယ်။

ဘာသာရေးအပေါ်မှာ အခြေခံပြီး တိုင်းရင်းသားအဖြစ် ငြင်းပယ်ခြင်းဖြစ်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဆင့်အား သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။ ကမန်လူမျိုးတွေဟာ ခေတ်သစ်ပြည်ထောင်စု မြန်မာနိုင်ငံမတည်ဆောက်မီ ရခိုင်နိုင်ငံတော်အဖြစ် သီးခြားတည်ရှိစဉ်ကတည်းကပင် (၁၆) ရာစုအလွန် ရခိုင့်ဘုရင့်တပ်မတော်ထဲမှာ လေးသည်တော်အဖြစ် အမှုထမ်းခဲ့ဖူးပြီး မြန်မာနိုင်ငံတော်ရဲ့ဥပဒေအရ တိုင်းရင်းသားဖြစ်ထိုက်သူတွေဖြစ်လို့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားနဲ့ နိုင်ငံသားဖြစ်မှု သတ်မှတ်ချက်ဟာ ဘာသာရေးအပေါ်မှာ အခြေခံခြင်းမျိုးမဟုတ်ဘဲ သမိုင်းအပေါ်မှာ အခြေခံထားတဲ့ ဥပဒေဖြစ်တယ်ဆိုတာ ထင်ရှားတဲ့ “သင်္ကေတ“ ဖြစ်ပါတယ်။

ဘာသားရေးအရ ခွဲခြားဆက်ဆံခြင်း မဟုတ်ပေမယ့် ဘာသာရေးအရ ခွဲခြားဆက်ဆံခံနေရတယ်၊ ဘာသာရေးပဋိပက္ခဖြစ်တယ်လို့ စွပ်စွဲပြောဆိုချက်တွေဟာ အစ္စလာမ်နိုင်ငံတွေ စုပေါင်းထားတဲ့ OIC ပါဝင်လာရေးကို လုပ်ဆောင်နေခြင်းဖြစ် တယ်ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံသားဖြစ်မှုအပေါ်မှာ ရပ်မနေဘဲ တိုင်းရင်းသားဖြစ်ရေးမှတဆင့် မွတ်ဆလင်ပြည်နယ် ထူထောင်ရေး။ မွတ်ဆလင်ပြည်နယ်မှတဆင့် နိုင်ငံတော် (သို့မဟုတ်) လူဦးရေပေါက်ကွဲနေပြီး မြေနေရာတွေ အထူးလိုအပ်နေတဲ့ ဘင်္ဂလားဒေ့ (ရှ်) နဲ့ ပူးပေါင်းရေးတွေအထိ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်နိုင်ချေရှိတဲ့ အချက်အလက်တွေ လုပ်ဆောင်ချက်တွေက ရှိနေပါတယ်။

တိုင်းရင်းသားအခွင့်အရေးကို တက်လှမ်းခြင်းမျိုးမဟုတ်ဘဲ ပကတိဖြစ်တည်မှုအရ နိုင်ငံသားဖြစ်မှုနဲ့ အဲဒီဖြစ်ရှိနေတဲ့ နိုင်ငံတော်အပေါ်မှာ ရပ်တည်မယ့် နိုင်ငံတော်အပေါ်မှာ သစ္စာရှိမှုမျိုးကို မေ ၂၅ ရက်၊ ၂၀၁၃ ခုနှစ် နယူးယောက်တက္ကသိုလ်ခန်းမထဲမှာ ကိုမင်းကိုနိုင်က -

“ဟောဒီနိုင်ငံသားအဖြစ်နဲ့ အခွင့်အရေး အပြည့်အ၀လိုချင်တယ်ဆိုရင် ဟောဒီနိုင်ငံနဲ့ အခြားတိုင်းတပါးနိုင်ငံရဲ့ အကျိုးစီးပွား ယှဉ်လာပြီဆိုရင် သို့မဟုတ် စစ်တိုက်ရတာမျိုးဘဲဖြစ်ဖြစ်ပေါ့ ရင်ဆိုင်ရပြီဆိုရင် ပြည်တွင်းကနေပြီးတော့ အဲဒီအပြင်နိုင်ငံတခုခုကို လက်ယပ်ခေါ်တဲ့ သူခိုးဓါးရိုးကမ်းမဖြစ်ဘဲနဲ့ ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီး တိုက်မယ်ဆိုတဲ့ သစ္စာရှိမှုမျိုး ရှိဖို့လိုပါမယ်။ အဲဒီလို သစ္စာရှိမှုဆိုရင် ကျွန်တော်တို့ဟာ ခင်ဗျားတိုကို နိုင်ငံသားစစ်စစ်ရဲ့ဘ၀၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေအတွက် ခင်ဗျားတို့ရှေ့ကနေ တက်ပြီးတော့ ကျွန်တော်ရပ်ပါမယ်လို့ ကတိပြုပါတယ်“ လို့ ပြောကြားခဲ့တယ်။

ဒီအခြေအနေမျိုးမှာ ရပ်တည်နေမယ်ဆိုရင် မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး။ သို့သော် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးထက် ဘာသာရေးပဋိပက္ခဘက်ကို မောင်းနှင်နေတယ်ဆိုတာကို အချက်အလက်တွေအရ ကောက်ချက်ဆွဲနိုင်ခဲ့သလို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်ကလည်း မှန်ကန်မှုကို ပံ့ပိုးစေခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာတွေထဲမှာ ဒုက္ခသည်စခန်းထဲမှာရှိတဲ့ ဘင်္ဂလီတွေကို စစ်ဆေးတဲ့အခါ ရန်ကုန်အပါအ၀င် နိုင်ငံတကာရောက်ဘင်္ဂလီတွေကပါ လမ်းညွန်မှုတွေပေးနေသလို စခန်းထဲက ဘင်္ဂလီတွေကလည်း လုပ်ဆောင်မှုတွေကို အစီရင်ခံကြတဲ့တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။ ဒုက္ခသည်စခန်း ရန်ကုန် ၊ လွှတ်တော်နဲ့ နိုင်ငံတကာထိပါ ဖြန့်ကျက်ထားတဲ့ ကွန်ယက်တွေဟာ ကျယ်ပြန့်စွာ စဉ်းစားရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် ကော်မရှင်ရဲ့အစီရင်ခံစာ စာမျက်နှာ (၁၁၆) ၁၃.၃ မှာ “ရခိုင်ပြည်၌ ဖြစ်ပွားနေသော ပဋိပက္ခများကို ပြည်တွင်း၌သာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ အထူးစောင့်ကြည့်နေပြီး ဤပြဿနာကို နိုင်ငံတကာ ပြဿနာဖြစ်လာအောင် ASEAN နိုင်ငံများသို့လည်း နိုင်ငံအချို့က ကြိုးပမ်းလျှက်ရှိနေပါသည်။ “ ဟု ထောက်ပြထားပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံတော်အပေါ်မှာ သစ္စာရှိမှု မရှိမှုဟာ စိန်ခေါ်မှုတရပ်အဖြစ် တည်ရှိနေပါတယ်။

ဆက်ရရင် ရခိုင်ပြည်ထဲမှာ ရှိနေတဲ့ ဘင်္ဂလီတွေဟာ ၁၉၄၂ ခုနှစ် ကရာချီမြို့မှာ ကျင်းပတဲ့ အစ္စလာမ်ညီလာခံမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောကို ပါကစ္စတန်နဲ့ပူးပေါင်းရေးအဆိုကို တင်သွင်းခဲ့သလို ၁၉၄၇ မှာလည်း ပါကစ္စတန်လွတ်မြောက်ရေး လှုပ်ရှားနေတဲ့မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနဲ့ တွေ့ဆုံပြီး တောင်းဆိုခဲ့တာတွေရှိပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ လွတ်လပ်ရေးမရခင်က လှုပ်ရှားမှု တွေဖြစ်ပြီး လွတ်လပ်ရေးရပြီးစ ၁၉၄၈ မှာ မူဂျာဟစ်အဖွဲ့က -
(က) ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နစ်မြစ်အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တွေရဲ့ National Home အဖြစ်သတ် မှတ်ပေးရန်
(ခ) ရခိုင်ရှိ မွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန် စသည်ဖြင့် တောင်းဆိုခဲ့ကြတယ်။

ဒီတောင်းဆိုချက်တွေထဲမှာ တိုင်းရင်းသားစာရင်းထဲမှာ ထည့်သွင်းထားခြင်းမရှိသလို ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းမရှိသေးဘူး ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ၁၉၅၁ ခုနှစ်မှာလည်း မွတ်ဆလင်ညီလာခံကို အလယ်သံကျော်မှာ ကျင်းပခဲ့ပြီး အောက်မှာဖော်ပြထားတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရကို တောင်းဆိုခဲ့ပါတယ်။
(က) ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင် တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မွတ်ဆလင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊
(ခ) စစ်တွေမြို့ကို ရခိုင်ပြည်နယ်တောင်ပိုင်း မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ကာ မြို့နှင့် ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့်မွတ်ဆလင် (၅၀) ရာခိုင်နှုန်းစီ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ပြုရန်နှင့် ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီးကို မွတ်ဆလင်လူမျိုးမှ ခန့်ထားရန်၊
(ဂ) လက်နက်ကိုင်တပ်ဖွဲ့စည်းပေးရန် ထိုတပ်ဖွဲ့မှ မွတ်ဆလင် (၅၀) ရာခိုင်နှုန်းပါဝင်ရန် ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်ထားရန်၊
(ဃ) တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်များနှင့် တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွတ်ခွင့်ရရန်၊
(င) မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန် စတဲ့အချက်များပါဝင်ပါတယ်။

ဆိုတော့ ဒီဆုံးဖြတ်ချက်တွေထဲမှာလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲထားခြင်းမရှိတာကို တွေ့ရမှာဖြစ်သလို ရှမ်းပြည်နယ်စတဲ့ ပြည်နယ်တွေလို မွတ်ဆလင်ပြည်နယ်ဖွဲ့စည်းရေးကို တောင်းဆိုထားတာကို တွေ့ရမှာပါ။

၁၉၆၆ ခုနှစ်မှာလည်း မူဂျာဟစ်ခေါင်းဆောင် ကာဆင်ရဲ့ ဘင်္ဂလီလက်ကျန်များ ပြန်လည်လှုပ်ရှားလာတဲ့အခါ (ဖဆပလ) အမတ်ဟောင်း စူလတန်မာမွတ်နဲ့ မော်လ၀ီဆရာများဟာ မောင်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်းကို အာကစ္စတန်(Arkistan) ထူထောင်ရေး လှုပ်ရှားခဲ့တာတွေရှိ သလို ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ရိုဟင်ဂျာလွတ်လပ်ရေးအဖွဲ့အနေနဲ့လည်း လွတ်လပ်တဲ့ မွတ်ဆလင်ပြည် ထူထောင်ရေးကို ကြိုးပမ်းခဲ့ပါတယ်။ ၁၉၈၈ မေလက မောင်တောမြို့နယ်တခုလုံးရှိ ရခိုင်တွေကို သုတ်သင်ရေးနဲ့ မောင်တောမြို့အား သိမ်းပိုက်ရေးကို လုပ်ဆောင်ခဲ့ပေမယ့် ရဲနဲ့လုံထိန်းတပ်ရင်းတို့က ပြန်လည်ခုခံခဲ့တဲ့အတွက် မောင်တောမြို့မကျဆုံးခဲ့ပါ။ အဲဒီကာလက ဘင်္ဂလီအင်အား ငါးသောင်းခန့်က ကြိုးစားခဲ့ပြီး တကယ်လို့ မြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ရင် ဘင်္ဂလားဒေ့ (ရှ်) နိုင်ငံဘက်က နောက်ထပ်ငါးသောင်း ထပ်ဝင်လာမယ့်သတင်းတွေ ပေါက်ကြားခဲ့ပါတယ်။ အဲဒီပေါက်ကြားသတင်းတွေကို အခြေခံပြီး မြို့နယ်သံဃာနာယက ဆရာတော်တပါးရဲ့ ပေးစာဟာ ခိုင်မာတဲ့သမိုင်းမှတ်တမ်းအဖြစ် အထင်အရှားရှိနေဆဲဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာနိုင်ငံဟာ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ ယခု ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ မျိုးဆက်တွေဟာ ၁၉၄၂၊ ၁၉၄၇၊ ၁၉၄၈၊ ၁၉၅၁၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၈၈ ခုနှစ် တွေမှာ လက်ရှိတည်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နေမြေအချို့ကို ဖဲ့ထုတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ် ဆိုတာကို ပြောလိုပါတယ်။ ဒီလို ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့မှုသမိုင်းတွေဟာ ဒီနေ့ ရိုဟင်ဂျာနာမည်နဲ့အတူ တိုင်းရင်းသားအဖြစ် တောင်းဆိုမှုကို မြန်မာလူထုက သံသပေါင်းများစွာနဲ့ ငြင်းပယ်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုငြင်းပယ်မှုဟာ သမိုင်းကြောင်းတွေအရ ငြင်းပယ်ရတာဖြစ်ပြီး ဘာသာရေး မတူညီမှု အပေါ်မှာ ငြင်းပယ်ခြင်းမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

ဘင်္ဂလီတွေဟာ တိုင်းရင်းသားဖြစ်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ပြည်နယ်ထူထောင်ရေး၊ အဲဒီကတဆင့် သီးခြားနိုင်ငံတော် (သို့မဟုတ်) အခြားမွတ်ဆလင်နိုင်ငံတခုခုနဲ့ ပူးပေါင်းရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေမျိုး ရခိုင်ပြည်ရဲ့ အခြားတဖက်က မွတ်ဆလင်တွေ မတွေးခဲ့သလို အကယ်၍ တွေးခဲ့သည့်တိုင်အောင် အကောင်အထည်မဖော်ခဲ့ပါဘူး။ နောက်တချက် အဲဒီအုပ်စုနှစ်ခုဟာ ဆက်စပ်မှုမရှိခဲ့ခြင်း၊ မစည်းရုံးနိုင်ခဲ့ခြင်းတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ဘာဘဲပြောပြော အဲဒီခေတ်ကာလတွေဆီက ရခိုင်ပြည်ရဲ့ အခြားတဖက်မှာ ရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံတော်အပေါ်မှာ ရိုးသားစွာ ချစ်ပြခဲ့ခြင်းကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အဲဒီလိုပြောလို့ ရခိုင်ပြည်မှာ နေထိုင်တဲ့ ဘင်္ဂလီတွေအားလုံးဟာ နိုင်ငံတော်အပေါ်မှာ မရိုးသားဘူးလို့ မပြောလိုပါဘူး။ အဲဒီခေတ်တွေက နိုင်ငံတော်အပေါ်မှာ ရိုးသားစွာ ချစ်ပြခဲ့တဲ့ ဘင်္ဂလီတွေရှိခဲ့ပါတယ်။

ဆက်ရရင် ၁၉၉၀ နောက်ပိုင်းကာလတွေမှာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ ရခိုင်ပြည်ရဲ့ အခြားတဖက်မှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေကို ချိတ်ဆက်ကာ စည်းရုံးနိုင်ခဲ့တယ်။ လွတ်လပ်ရေးမရခင်က ကုလား - ဗမာ အဓိကရုဏ်းဟာ ရခိုင်ပြည်ဘက်ကို မကူးစက်ခဲ့သလို ၁၉၄၂ ကုလား - ရခိုင် အဓိကရုဏ်းဟာလည်း ဗမာပြည်ကို မကူးစက်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၂ ရခိုင်အရေးအခင်းဟာ အခြား ဒေသတွေကိုပါ ပြန့်နှံ့သွားခြင်းဟာ ဆက်စပ်နေခြင်းကို လှစ်ပြလိုက်တာဖြစ်ပါတယ်။ တကယ့်တကယ်လည်း ရရှိထားတဲ့ အချက်အလက်တွေအရ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အိပ်မက်ကို ရန်ကုန် စတဲ့ဒေသတွေက ပညာတတ်အချို့၊ ပိုက်ဆံရှိသူအချို့၊ မော်လ၀ီတော်တော်များများအား မျော်လင့်ချက် အိပ်မက်ကို မက်စေခဲ့ပါတယ်။ နောက်ကွယ်က ရပ်ပေးခဲ့တာတွေဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် ရှေ့ဆက်လုပ်ရန် အားပေးသလိုဖြစ်စေခဲ့ပြန်တယ်။ ဒါကြောင့် ဘာသာရေးပဋိပက္ခကို စနစ်တကျ ပုံဖော်နေခြင်းဟာ သိသာထင်ရှားပါတယ်။ ဘာသာရေးပဋိပက္ခဖြစ်ပေါ်ရေးဟာ သူတို့တွေရဲ့ နည်းဗျူဟာတခုဆိုတာကို သတိထားဖို့ အထူးလိုအပ်ပါတယ်။ အမှန်တကယ် ဘာသာရေးပဋိပက္ခဖြစ်မှ သူတို့လိုချင်တဲ့ ပန်းတိုင်ကို သွားလို့ရမယ်လို့ တွက်ထားပုံရပါတယ်။

ဒီအပေါ်မှာ အကောင်အထည်ဖော်ပေးနေတဲ့ အစ္စလာမ်မစ်နိုင်ငံအချို့ကလည်း နောက်ကွယ်က ရပ်ပေးခြင်းမျိုးတွေထိ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီခံစာ စာမျက်နှာ (၂၄) ၄.၉ မှာ “ဘင်္ဂလီများအနေဖြင့် ရခိုင်ပြည်နယ်အား သိမ်းပိုက်ရန်ကြိုးစားနေသည်ဟုဆိုရန် ခိုင်မာသော သက်သေမရှိသော်လည်း ၄င်းတို့၏ ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရေးနှင့် တိုင်းရင်းသားအခွင့်အရေးရရှိရန် တောင်းဆိုမှုပြုနေခြင်း၊ ရှေ့ကာလများက ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေကို အုပ်ချုပ်ခွင့်ရ သီးသန့်နယ်မြေအဖြစ် တောင်းဆိုမှုပြုခဲ့ခြင်းများက ၄င်းတို့၌ ရခိုင်လူမျိုးများ လက်ခံနိုင်သည့် အနေအထားထက်ပို၍ နိုင်ငံရေးအရ လွှမ်းမိုးလိုမှုနှင့် နယ်မြေထိန်းချုပ်လိုမှုစိတ်ဓါတ်များ ကိန်းအောင်းလျှက်ရှိနေသည်ဟု သုံးသပ်ရသော အနေအထားကို ဖြစ်ပေါ်စေပါသည်။“ လို့ ဖော်ပြထားပါတယ်။

ကော်မရှင်ရဲ့ သုံးသပ်ချက်ဟာ လေ့လာတွေ့ရှိချက်အပေါ်မှာ သို့မဟုတ် အချက်အလက်တွေအပေါ်မှာ သုံးသပ်ရ ကောက်ချက်ချရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဆက်စပ်ပြောချင်တာတခုက ၂၀၁၂ က ကျနော်ရေးတဲ့ မွတ်ဆလင်ပြည်နယ်မှသည် နိုင်ငံတော်သို့ ဆောင်းပါးအပေါ်မှာ မွတ်ဆလင်ပညာတတ် NLD ပါတီဝင်တဦးက မွတ်ဆလင်တွေကို မီးလောင်တိုက်သွင်းနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ ပြောချင်တာက အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အတိတ်ကာလတွေက (က) ပါကစ္စတန်နိုင်ငံနဲ့ ပူးပေါင်းရေး လုပ်ဆောင်ချက်၊ (ခ) သီးခြားမွတ်ဆလင်နိုင်ငံ၊ (ဂ) မွတ်ဆလင်ပြည်နယ်ဖွဲ့စည်းရေး စတဲ့လှုပ်ရှားမှု သတင်းအချက်အလက်တွေ အပေါ်မှာ “မွတ်ဆလင်ပြည်နယ်မှသည် နိုင်ငံတော်သို့“ လို့ ကောက်ချက်ချပြီး ဆောင်းပါးရေးခဲ့တာဖြစ်တယ်။ အတိတ်က လုပ်ဆောင်ချက်၊ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ အထက်က ကော်မရှင်ရဲ့ သုံးသပ်ချက်ကို ဟပ်ကြည့်ရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတံခါးကို အကြိမ်ကြိမ်လာခေါက်နေတယ်လို့ ပြောရမှာဖြစ်တယ်။ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံနဲ့ အိမ်နီးချင်းအဖြစ် နေထိုင်ရခြင်းကိုလည်း သတိထားဖို့ အထူးလိုအပ်ပါတယ်။

၁၉၉၀ နောက်ပိုင်းတွေမှာ တိုင်းရင်းသားဖြစ်ရေးမှတဆင့် မွတ်ဆလင်ပြည်နယ်ဖွဲ့စည်းရေးအိပ်မက်ကို ရန်ကုန် စတဲ့ဒေသတွေက မွတ်ဆလင်တွေကိုပါ မက်စေခဲ့တယ်လို့ အထက်မှာ သုံးသပ်ပြခဲ့ခြင်းတွေ၊ ယခင်ကလည်း သုံးသပ်ပြခဲ့ခြင်းတွေဟာ အချက်အလက်တွေအပေါ်မှာ သုံးသပ်ခဲ့ခြင်း၊ ကောက်ချက်ဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကော်မရှင်ရဲ့ စုံစမ်းတွေ့ရှိချက်ဟာ ကျနော်ရဲ့ သုံးသပ်ချက်တွေကို မှန်ကန်ကြောင်း အထောက်အကူဖြစ်စေခဲ့ပါတယ်။ ကော်မရှင်ရဲ့အစီရင်ခံစာ စာမျက်နှာ (၂၄) ၄.၁၀ မှာ “ ရခိုင်လူမျိုး အချို့ကလည်း အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများသည် ယခင်မူဂျာဟစ် သူပုန်များ တောင်းဆိုခဲ့သည့် အချက်များကို ပြန်လည်တောင်းဆိုမှုများ ပြုလုပ်နိုင်သည်ဟု ပြောဆိုကြပါသည်။ တစ်ချို့ဘင်္ဂါလီ ဒေသခံများသည် တစ်ဖက်နိုင်ငံတွင် RSO (The Rohingya Solidarity Organization) များမှ ဖွင့်လှစ်သောစစ်ရေး၊ နိုင်ငံရေးသင်တန်းများသို့ တက်ရောက်ခဲ့သည်ဟုလည်း ရခိုင်လူမျိုးအချို့က ဆိုပါသည်။ သဘောထား ပျော့ပျောင်းသော အစ္စလာမ်ဘာသာဝင် တစ်ချို့ထံမှ သိရှိရသည်မှာ ရန်ကုန်မြို့ပေါ်ရှိ အချို့သောဗလီများသည် ပြည်ပနိုင်ငံများမှ ဘာသာရေးအစွန်းရောက် အတွေးအမြင်များကို သင်ကြားမွေးထုတ်ပေးခြင်း၊ သင်ကြားလေ့ကျင့်ပေးထားသော နယ်လှည့်တရားဟော ဆရာများစွာကို ရခိုင်ဒေသအပါအ၀င် မြန်မာပြည်အရပ်ရပ်သို့ အသုတ်လိုက်စေလွှတ်ခြင်းများ ရှိနေသည်ဟု သိရှိရပါသည်။“ ဟု စုံစမ်းစစ်ဆေးချက်အား တိုင်းပြည်သို့ တင်ပြခဲ့ပါတယ်။

ဆိုတော့ နိုင်ငံတော်အတွက် ကျရောက်မယ့်အန္တရာယ်တွေကို တိုင်းပြည်ရဲ့ခါးပိုက်ထဲမှာ ရောက်ရှိနေပြီဖြစ်တဲ့အတွက် လူ့အခွင့်အရေးမျက်နှာထက် အမျိုးသားအကျိုးစီးပွားရဲ့မျက်နှာကို ထောက်ရှုရတော့မယ့် စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ရခိုင်ပဋိပက္ခနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကို ကြည့်မယ်ဆိုရင် ရခိုင်တွေအနေနဲ့ နိုင်ငံတော်ပိုင် အဆောက်အအုံများကို ဖျက်ဆီးခြင်းအား မတွေ့ရဘဲ ဘင်္ဂလီတွေကသာ နိုင်ငံတော်ပိုင်အဆောက်အအုံတွေထိ ဖျက်ဆီးခဲ့ခြင်းရဲ့ ညွန်းကိန်းကိုလည်း ဆက်စပ် စဉ်းစားဖို့ လိုအပ်ပါတယ်။

၂၀၁၂ သြဂုတ်လ (၁) ရက်နေ့စွဲနဲ့ “အစ္စလာမ်မစ်သမ္မတ ရိုဟင်ဂျာနိုင်ငံတော်“ အဖြစ်ကြေညာချက်တစောင် ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံရဲ့အကျယ်အ၀န်းဟာ (16,042Km2) ရှိပြီး မြို့တော်ကို စစ်တွေလို့ ဖော်ပြထားပါတယ်။ ဒီကြေညာချက် မထွက်ခင်က တကျော့ပြန် အောက်တိုဘာ ရခိုင်အရေးအခင်း မဖြစ်သေးပါဘူး။ ဆိုတော့ ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်လာအောင် လှုံ့ဆော်သလိုဖြစ်စေခဲ့တဲ့အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကပင် ကြိုးပမ်းချက်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ခြင်းကိုလည်း ညွန်းဆိုနေသလို တဘက်မှာ ရခိုင်၊ ဗမာ အပါအ၀င် တိုင်းရင်းသားပေါင်းစုံရဲ့ သံသယတွေကို ပိုမိုဖြစ်စေခဲ့၊ ဒေါသတွေကို ပိုဖြစ်စေခဲ့တယ်လို့ပြောရမှာဖြစ်တယ်။

လူမျိုးတုံးသတ်ဖြတ်မှုမရှိဘဲ လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ ပြောဆိုခြင်း၊ ဘာသာရေးပဋိပက္ခ မဖြစ်ပါဘဲလျက် ဘာသာရေးပဋိပက္ခဖြစ်နေပါတယ်လို့ ပြောဆိုခြင်းတွေဟာ အမှန်တကယ်ဖြစ်မယ့် ဘာသာရေးပဋိပက္ခဆိုတာ ဘင်္ဂလီတွေရဲ့ မဟာဗျူဟာလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းပေါ်ကို မဖြစ်မနေရောက်အောင် မောင်းနှင်သွားမယ့် အနေအထားတွေရှိနေခြင်းဟာ နိုင်ငံတော်အတွက် စိန်ခေါ်မှုတွေဘဲလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

သေနတ်တချက်ဖောက်စရာမလိုဘဲ နယ်မြေအချို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဦးအေးသာအောင်ရဲ့ ထောက်ပြမှုကို နိုင်ငံတော်အနေနဲ့ အထူးအလေးအနက်ထား စဉ်းစားဖို့ လိုအပ်သလို ဘင်္ဂလီတွေရဲ့ နောက်ထပ် မဟာဗျူဟာတခုဆိုတာကိုလည်း ထည့်တွက်ထားဖို့ အထူးလိုအပ်ပါတယ်။ (၁၄) ရာစုက ကိုဆိုဗိုမှာ ဆာ့တ်လူမျိုးက (၉၆) ရာခိုင်နှုန်းရှိပြီး အစ္စလာမ် အယ်ဘေးနီးယားက (၃) ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ အစ္စလာမ်အယ်ဘေးနီးယားတွေက (၈၁.၆) ရာခိုင်နှုန်းဖြစ်သွားကာ ဆာ့တ်လူမျိုးတွေက (၉) ရာခိုင်နှုန်းဖြစ်သွားရပါတယ်။ ဆိုတော့ ရခိုင်တွေ တချိန်ကလူများစု ဖြစ်ခဲ့ပေမယ့်၊ လက်ရှိအနေအထားမှာ ဘင်္ဂလီတွေက အသာစီးရလျက်ရှိနေ ပါတယ်။ ဘူးသီးတောင်မှာ ဘင်္ဂလီ (၉၅)၊ မောင်တော (၉၆)၊ ရသေ့တောင် (၈၀) နဲ့ စစ်တွေမြို့မှာ (၅၅) ရာခိုင်နှုန်းထိ ရှိနေပါတယ်။ ဘာသာရေးအရ မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ မော်လ၀ီဆရာတွေရဲ့ သွန်သင်မှုတွေက ကလေးမွေးဖွားနှုန်းကို အားပေးနေတာကြောင့် နောက်ထပ် နယ်မြေအချို့ကို သေနတ်တချက်ဖောက်စရာမလိုဘဲ ဆက်လက်သိမ်းပိုက်စေမယ့် မဟာဗျူဟာလည်း နိုင်ငံတော်အတွက် စိန်ခေါ်မှုတွေဖြစ်တယ်လို့ ပြောချင်ပါတယ်။

တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မွတ်ဆလင်တွေရဲ့ လူအင်အားတိုးပွားနှုန်း (မွေးဖွားနှုန်း) မဟာဗျူဟာတွေနဲ့ ချီတက်ရင်း ယနေ့အချိန်မှာတော့ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရေး အန္တိမပန်းတိုင်ကို ရောက်ရှိနေခြင်းတွေကလည်း မြန်မာနိုင်ငံတော်အတွက် အကောင်းဆုံး သင်္ခန်းစာတွေ ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ ။

ခိုင်လင်း(မေဃ၀တီ)



Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488