ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
• အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
• အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
• သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
• အလောင်းအစား ကစားများခြင်း ။
• မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
• ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။
- တို့ပေတည်း။
• တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
• တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
• အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
• တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။
• ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
• ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
• မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
• ရဟန်းသည် တရား၌သာ မွေ့လျော်၏။
• ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
• မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
• စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
• ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။
စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ
ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ
အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။
အနာသည် မိမိကိုယ်၌ဖြစ်လျှက် မိမိအကျိုးကို မရွက်ဆောင်။
ဆေးပင်ဆေးရွက်သည် တော၌ဖြစ်လျှက် အကျိုးကိုဖြစ်စေနိုင်၏။
ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူသူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။
ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေရင်းချာပင်ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။
မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို
အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ်သကဲ့သို့ ရှောင်ကြဉ်ရာ၏။
ဥစ္စာ စီးပွားပျက်လျှင် မိတ်ဆွေ၊ သားမယား ၊ ညီအစ်ကို မောင်နှမများသည်ပင် စွန့်ခွာတတ်၏။
ဥစ္စာ ရှိသူကိုသာ မှီခို ပေါင်းသင်းလိုကြ၏။လောက၌ စီးပွား ဥစ္စာသည် ခင်ပွန်းကြီးဖြစ်၏။
• သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏ . . .
• သူတော်ကောင်းတရားကို သိရ၍ မြင့်မြတ်၏. . .
• သူယုတ်မာတို့နှင့် ပေါင်းဖတ်ခြင်းကို စွန့်လွှတ်လော့ . . .
• သူတော်ကောင်းကို ပေါင်းဖက်အပ်သူကို သာ ဆည်းကပ်လော့ . . .
• ကုသိုလ်ကောင်းမှုကို အစဉ်အမြဲ ပြုလော.့ . .
• မမြဲသော အဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲ အောက်မေ့ဆင်ခြင်လော့ . . .
• သူယုတ်တို့သည် ရေသဖန်းသီးမှည့်နှင့် တူ၏ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌ မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏. .
•
• ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ဆူးများ ရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏. .
• သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏. . .
ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့
ကျရောက်ငြားသော်လည်း သူတော်ကောင်း တရားကို မစွန့်.
•
• င်္ခြသေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား. . .
• ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏
* မျက်မာန်ဒေါသကြီးသူကို ရန်တုံ့မပြန် သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏.
• မတော်မမှန်အကောက်ဥာဏ် သုံးတတ် သူကို တော်တည့်ဖြောင့်မှန်စွာ ကျင့်သုံး ခြင်းဖြင့် အောင်နိုင်ရာ၏.
• ကောက်ကျစ်ဝန်ကို မပေးလိုသော သူကို ပေးကမ်း စွန့်ကြဲခြင်းဖြင့် အောင်နိုင်ရာ၏.
• မဟုတ်မှန် ဖောက်ပြန်စွာ စကားဆိုတတ်သူကို ဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆိုခြင်းဖြင့် အောင်နိုင်ရာ၏.
• ကျွေးမွေးပေးကမ်းခြင်းသည် မယဉ်ပါးသူကို ယဉ်ပါးစေနိုင်၏ ခပ်သိမ်းသော အကျိုးကိစ္စကိုလည်း ပြီးစေနိုင်၏.
• ကျွေးမွေးပေးကမ်းခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း သူတစ်ထူအပေါ်သာလွန်နိုင်၏. အများ၏ရိုသေလေးစားမှုကို လည်းရယူနိုင်၏.
ဤလောက၌-
• ပေးကမ်းခြင်းသည် အချစ်ဆေးဖြစ်၏. . အဆွေခင်ပွန်း အခြံအရံများစေ၏.
• နှမြောတွန့်တိုဝန်တိုခြင်းသည်ကား အမုန်းဆေးမည်၏. အခြံအရံမဲ့ အထီးကျန် ဘ၀သို့ ရောက်စေတတ်၏.
လောက၌ အသက်ရှင်လျက်သေသူဟု ဆိုအပ်သောသူငါးယောက်တို့ကား -
- အလွန်အမင်းဆင်းရဲခြင်းနှင့် ဒုက္ခိတဘ၀ရောက်ရသူ
- နာတာရှည် ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခံရသူ
- ကြောင်းကျိုးမှားမှန် ဧကန်မသိ မိုက်မဲခြင်းကြီးလှသူ
- ဥစ္စာချေးငှား၊ များစွာ ကြွေးမြီ ထူပြောသူ
- မင်းဝယ် ကိုယ်ကြပ်ခစားထမ်းရွက်ရသူ
ပညာရှိတို့သဘောကား -
- ကျရောက်လတ္တံ့သော ဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
- မျက်မှောက်ဒိဌ ကြုံတွေ့ရသော ဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာရင်ဆိုင် ဖြေရှင်းတတ်ပေ၏။
- လောက၌ကျောက်ထီးသည်လေး၏
- ထို့ထက် ဆရာမိဘတို့ အဆုံးအမသြ၀ါဒက ပို၏လေး၏
- အရာရာတို့ထက် မြတ်စွာဘုရား၏ တရားစကားသည်ကား အလေးဆုံး အမြတ်ဆုံးဖြစ်၏။* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.
အကြင်အပေါင်းအဖော်သည် -
* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊
* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊
* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊
* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊
* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊
* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊
မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။
* အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။
* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။
* မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။
* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။
* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို မစွန့်ခွာရာ။
* မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့် တူ၏။
* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။
• ပထမအရွယ်ပညာရှာ၊ဒုတိယအရွယ် ဥစ္စာရှာ၊တတိယအရွယ် တရားရှာ။
• အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
• အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
• ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။
• မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။
• အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏
• အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။