မိမိ၏ မွေးနေ့ကျရောက်ရာ အခါကာလ သမယမှာ မွေးနေ့အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြသူများ အားလုံး
လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။ မွေးနေ့အမှတ်တရစကားနဲ့ပတ်သက်လို့
ဒီနေရာမှာပရိနိဗ္ဗာန်ပြုဖို့ သုံးလအလိုလောက်မှာဘုရားရှင်ကအရှင်အာနန္ဒာမထေရ်ကိုမိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံခေါ ပနေတံအာနန္ဒ ယံမနုဿဘူတောကာလံကရေယျ = အာနန္ဒာရလူရယ်လို့ ဖြစ်လာပြီးရင် သေကြရတယ်ဆိုတာဘာမှ အဆန်းမဟုတ်ပါဘူး”လို့ မိန့်ကြားခဲ့ပါတယ်။
အလားတူစွာဘဲ မွေးတစ်နေ့သေတစ်နေ့ ဆိုတဲ့လောက စကားနှစ်ခွန်းပါ။
မိခင်ဝမ်းဗိုက်ကနေ ကိုးလလွယ်ဆယ်လဖွား ဆိုတဲ့စကားနဲ့အညီ မွေးတစ်နေ့ ဆိုတဲ့စကားတစ်ခွန်းကိုတော့ လွန်မြောက်သွားခဲ့ပါပြီ။ သေတစ်နေ့ဆိုတဲ့ စကားတစ်ခွန်းဘဲကျန်ပါတော့တယ်။ အဲဒီစကားကိုတော့ မကြားချင်ပေမယ့်
ကြားကိုကြားရမှာဘဲလေ။ ဘယ်ပုဂ္ဂိုလ် သတ္တ၀ါ ဘယ်ဖန်ဆင်းရှင်ကမှ ဟန့်တားထားနိုင်စွမ်းမရှိပါဘူး။နီးနေသမျှ ဝေးစေခဲ့တာဟာ ဒီမွေးနေ့ကျရောက်ခြင်းပါဘဲ။
ဝေးသမျှ နီးစေတာဟာလည်း ဒီမွေးနေ့ကျရောက်လာခြင်းပါဘဲ။
ပျော်ရွှုင်လွတ်လပ်တဲ့လူငယ်ဘ၀ကို တစ်နေ့ထက်တစ်နေ့ ဝေးစေတယ်။
လူငယ်များလိုလွတ်လပ်ခြင်းမရှိတော့တဲ့ လူကြီးဘ၀နဲ့ မွေးသည်မှစ သေဆုံးရမည့်နေ့တိုင်အောင် တစ်ရွေ့ရွေ့ ဦးတည်စေ နီးစေတာ ဟာလည်း ဒီမွေးနေ့ကျရောက်လာခြင်းပါဘဲလေ။
ဒီကနေ့တော့ မိမိရဲ့ အသက်အားဖြင့် (၂၇)နှစ်ပြည့်တင်းတဲ့နေ့ပါဘဲ။သာသနာ့ဘောင်သက်တမ်းအားဖြင့် (၁၇)နှစ်ဝန်းကျင်။ရဟန်းဝါတော်အနေနဲ့(၇)၀ါ ပြည့်လို့ (၈)၀ါမြောက်ဝင်ပါတော့မယ်။ စာသင်ယူနေရဆဲမို့လို့ နေရာအတည်တကျလည်းမရှိသေးသလို မိမိကိုယ်တိုင် အားရကျေနပ်လောက်တဲ့ အလုပ်မျိုးလဲ ကောင်းကောင်းမလုပ်ဖူးသေးပါဘူး။ တစ်ခါတစ်လေများ မိမိကိုယ်မိမိ မျောက်တစ်ကောင်များလို့အောက်မေ့ရတယ်။ ဟိုပြောင်းဒီရွှေ့ နေရာကလည်းစုံလို့ပါဘဲ။ ဒါကတော့ ပျာယာခတ်နေတဲ့ မိမိအခြေနေကြောင့်ပါဘဲ။ တစ်ခါတစ်လေများကိုယ်က တစ်မျိုးဖြစ်ချင်တယ် သူကမဖြစ်စေချင်ဘူး။ သူကဖြစ်စေချင်တယ် ကိုယ်ကမဖြစ်ချင်ဘူး။အဲလိုအခြေနေတွေကြောင့်မို့ ဘ၀ဟာ မျောက်လိုပုံစံ ဟိုခုန်ဒီကူးဘ၀နဲ့ဗျာများသွားခဲ့ရပါတယ်။ တော်ပေသေးလို့ အခုန်အကူးဟာမှန်ကန်ခဲ့လို့သာ ဒီလိုအခြေနေထိရောက်သွားခဲ့ရတယ်။
မိမိဘ၀မှာ ပညာရေးနဲ့ပတ်သက်လာရင် အားထားအားပြုနိုင်လောက်တဲ့ ဒကာ/ဒကာမတွေမရှိခဲ့တော့ ကိုယ့်ဒူးကိုယ်ချွန် ရတာကတစ်ဖက် မြတ်ဆရာများနဲ့ဘဲ အားထားပြုခဲ့ရတာတစ်ဖက်မို့ အချိန်မတန်ဘဲ ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရတာဆိုလည်းမမှားပေဘူးပေါ့။ တကယ်လို့များပညာကြိုးစားသင်ယူနေရတဲ့အချိန်မှာ မိမိအတွက်လိုအပ်ချက်တွေပြည့်စုံခဲ့ ရင်မိမိရဲ့ပညာရေးပိုင်းမှာ မျှော်မှန်းထားသည့်ပညာရေးအဆင့်မှာရောက်နေနိုင်လောက်ပါပြီ။ဒါပေမယ့် အဲသလိုမဖြစ်ခဲ့ဘူးလေ။မိမိ၏အတွေ့အကြုံအရအနေနဲ့ လူဆိုတာ မြင့်သော၊ပို၍မြင့်သော ပုဂ္ဂိုလ်များအပေါ် ကရုဏာသက်စရာမဟုတ်ပါဘဲလျက် ကရုဏာသက်တတ်တယ်။ချီးမြှောက်စရာမလိုအပ်ပါဘဲလျက် ချီးမြှောက်တတ်တယ်။ နိမ့်သော၊ ပို၍နိမ့်သော ပုဂ္ဂိုလ်များအပေါ်၌မူ ကရုဏာသက်သင့်စရာ ဖြစ်ပါလျက် မသက်တတ်ကြတာအမှန်ဘဲလေ။ချီးမြှောက်စရာလိုအပ်ပါလျက်မချီးမြှောက်တတ်ကြ။သမုဒ္ဒရာ၌သာ မိုးရွာလိုကြတယ်။လွင်တီးခေါင် ကုန်းပေါ်၌ မိုးမရွာလိုကြ။ဤသည်ပင်လျှင် လူတို့၏ဓမ္မတာပါဘဲ။ဒါတွေကို မိမိအနေနဲ့ အတော်အသင့်နားလည်ထားသည်ဖြစ်လို့ မိမိအနေနဲ့ ကိုယ်ပိုင်တဲ့ကိုယ့်ဘ၀ကိုရည်မှန်းရာ လမ်းကြောင်းကနေ မတိမ်းစောင်းရလေအောင် ဖြေသိမ့်စရာအနေနဲ့ရစေခဲ့တာအမှန်ပါဘဲလေ။ ဒါကတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဘဲလေ ဘယ်တတ်နိုင်ပါ့မလဲနော်။
မြတ်ဆရာများ၏ အရှိန်အ၀ါအောက်မှာ ခိုလှုံကြီးပြင်းခဲ့ရသူမို့ စာသင်ချိန် တုန်းက အခက်ခဲတွေနဲ့ရင်ဆိုခဲ့ရတာတွေကလွဲရင် အားလုံးဟာစည်းကမ်းတကျနဲ့နေရတာဘဲမို့ မိမိဘ၀အတွက်ကံကောင်းမှုဘဲပေါ့။ မြတ်ဆရာက မျက်ခြေမပြတ်စောက်ရှောက်ခဲ့လို့တပည့်ဖြစ်တဲ့မိမိအနေနဲ့ ကြိုးစားနေထိုင်ရတယ်။တပည့်ကကြိုးစားနေထိုင်လို့မြတ်ဆရာက စောင့်ရှောက်တယ်။ဒါအပြန်အလှန်ကျေးဇူးပြုမှုဘဲလေ။
ဆရာကချီးမြှောက်ပေမယ့် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် စာသင်ဖော်စာသင်ဖက်တွေက အမြင်ကြည်လေ့ မရှိပါဘူး။ အမြဲတမ်းဘဲ အထင်လွှဲတာ ခံနေရတတ်တာ ဆရာနဲ့အနေနီးနေတဲ့တပည့်တိုင်းမှာ ဒီသဘောတရားကို သိနိုင်မှာပါ။ဒါပေမယ့် ဆရာရဲ့ချီးမြှောက်မှုကိုခံရတဲ့ တပည့်ဘ၀မှာဆရာ က မျက်ခြေမပြတ်မစာင့်ရှောက်ခြင်းမခံ့ရရင် မိမိရဲ့ငယ်ဖော်သူငယ်ချင်း/ ရွာကသူငယ်ချင်းတွေလိုဘဲ ကလေးတွေတစ်ပုံတစ်ပင်ကြီးနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘ၀မျိုးရောက်သွားမှာအမှန်ပါဘဲလေ။ တစ်ခါတစ်လေများ ကိုယ့်ဇာတိရပ်၇ွာကို အလည်ပြန်တဲ့အခါ ကိုယ့်သူငယ်ချင်းတွေပြန်တွေ့တော့
သားသမီးတွေတစ်ပုံတစ်ပင်ကြီးနှင့် ခက်ခက်ခဲခဲ ကြိုးစားလုပ်ကိုင်နေကြရတာကို မြင်ရခြင်းအားဖြင့် ကိုယ့်အမြင်နဲ့သူတို့ကို သနားမိတာပေါ့။ ကိုယ်ကတော့ မြို့ကြီးမှာနေပြီး ဆရာအားကိုးနဲ့ သွားချင်ရာလျှောက်သွား လွတ်လပ်နေတဲ့ဘ၀ကို ပိုင်ဆိုင်ထားနေဆဲလေ။
ဒါကတော့ ကိုယ်ပိုင်အမြင်ပေါ့။ သူတို့အနေနဲ့ မိမိကိုမြင်ခြင်းအားဖြင့် ပြန်ပြီးသနားနေမိမှာအမှန်ဘဲ။ သူတို့ကတော့ ကိုယ်ပိုင်မိသားစုတွေနဲ့ပိုင်ဆိုင်ထားကြပြီဆိုတော့ ခက်ခဲပေမယ့် သူတို့ကိုသူတို့တော့ ကျေနပ်နေကြမှာအမှန်ဘဲလေ။
အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ မိမိဘ၀အတွက်တော့ ရှေးရှေးဘ၀တုန်းက ကုသိုလ်ကောင်းမှုမျိုးစေ့တွေနည်းခဲ့လို့သာ ဒီဘ၀မှာဘုန်းကံအားနည်းတယ်လို့ဘဲမှတ်ယူရတာကလွှဲလို့ဘာမှမတတ်နိုင်ဘူးလေ။
ဘ၀ရဲ့အခြံအရံအဖြစ် ဂုဏ်ပကာသနတွေနဲ့ အခြံရံပြုဖို့ထက် အတတ်ပညာ၊အသိပညာ၊ကိုယ်ပိုင်တဲ့ကိုယ်ကျင့်ဂုဏ်သိက္ခာနှင့် ခြံရံတတ်ဖို့က မိမိရဲ့ဘ၀ပေးအခြေနေတွေကြောင့် ပိုအားသန်စေခဲ့တာပါ။
ဘာဘဲဖြစ်ဖြစ်ပေါ့ မွေးနေ့ရောက်ပြီဆိုမှတော့ အမှတ်တရလေးတော့ ကျန်ခဲ့ရမှာပေါ့။ အဓိကတော့ သေတစ်နေ့ဆိုတဲ့ လက်ကျန်စကားတစ်ခွန်း မရောက်သေးခင်အထိ လက်ကျန်အချိန်လေးမှာတော့.......................
Repair for the worst , Do for the best and Hope for the best .ပေါ့။
အမှားကို ပြင်ဆင်မယ်၊ အကောင်းဆုံးကို တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်မယ်။ အကောင်းဆုံးကို မျှော်လင့် နေမယ်ပေါ့။ ကိုယ့်ဘ၀ရဲ့တန်ဖိုးကို ကိုယ်သိပြီးလုပ်သင့်တာရှေ့ဆက်လုပ်ဖို့ပါဘဲလေ။
တကယ်လို့များ မိမိဖြတ်သန်းရာနေ့တိုင်းကို မိမိကိုယ်ပိုင်ဘ၀အတွက် ကောင်းတာနဲ့ဘဲစပ်ယှဉ်ပြီး ကိုယ်၊နှုတ်၊ စိတ်တွေကို ပုံမှန်အဖြူရောင်လေးဆေးရောင်ခြယ်ပေးမယ်ဆိုရင်တော့
မွေးနေ့ရောက်တယ်ဆိုတာ အဆန်းမဟုတ်ဘူးပေါ့။
အားလုံး အားလုံး အနှစ်တရာ ကာလပတ်လုံး ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခ လွန်ပြည့်ဝ၍ နေရသည်ကို မိမိသည်လည်း
ထပ်တူ မြင်ရလို၏..။
ဒါမွေးနေ့လက်ဆောင်အမှတ်တရစကားဘဲလေ။ အားလုံးကိုလေးစား ခင်မင်လျက်.....
အရှင်လက္ခဏသာမိ(တောင်ကြီး)။