BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့
Showing posts with label ပညာပေး. Show all posts
Showing posts with label ပညာပေး. Show all posts

Friday, November 9, 2012

ကမ္ဘာ ဆိုတာဘာလဲ .....

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။
တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့ အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။
ဘုန်းကြီးက သူတို့ ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီးကပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။
ကမ္ဘာစစ်၏ အစ .......
ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့ ။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။

စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။
“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။
“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ က ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God ၊ ဂျူးတို့ ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ......
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့ က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။
စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့ သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံးပြည့်စုံတယ်......
သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့ နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။
ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် .....
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။
လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့ တန်ဖိုးကို နားလည်ကြဖို့ ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်” လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ "

သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆

Saturday, July 21, 2012

ဘ၀တစ်ခု အချစ်နှစ်ခု (ဘယ်သူမပြု မိမိအမှု)

ချမ်းသာစစ်မည်သည်ကို အမိကလည်းမပေးနိုင်၊ အဘကလည်းမပေးနိုင်၊ ဆွေမျိုးကလည်း မပေးနိုင် ၊ ချမ်းသာတုကိုသာ ပေးနိုင်၏၊ မိမိ၏ စိတ်မြတ်က သာလျှင် မိဘဆွေမျိုး
တို့က ပေးနိုင်သော ချမ်းသာထက်
ပို၍ပို၍ စစ်မှန်သော ချမ်းသာကိုပေးနိုင်၏။ (ဓမ္မပဒ)
ဤလောက၌ ချမ်းသာကို ပေးနိုင်သူ
များရှိကြပါ၏။ မိဘများက လည်းပေးနိုင်၏။ ဆွေမျိုးများကလည်းပေးနိုင်၏။ ချမ်းသာသူမိတ်ဆွေကောင်းများကလည်းပေးနိုင်၏။ မ စနိုင်သူများကလည်းပေးနိုင်၏။ နတ်ဒေ၀ါများကလည်း ပေးနိုင်၏။ ဆုတောင်းပြည့် ကိုယ်းကွယ်ရာများကလည်း ပေးနိုင်၏။ သို့ရာတွင် ထိုထိုပုဂ္ဂိုလ်များပေးနိုင်သော ချမ်းသာဟူသည်ကား အရည်အသွေးအားဖြင့် အတုသာဖြစ်၏။ ကာလအားဖြင့် ထာဝရမဟုတ်သောခဏသာဖြစ်၏။ အလွန်ဆုံးကြာလျှင် တစ်သက်တာ သာလျှင်ဖြစ်၏။ တကယ်တမ်းချမ်းသာကိုပေးနိုင်သည်ကား မိမိကုသိုလ်ကံသာဖြစ်၏။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ကာလကဖြစ်၏။ ထိုအချိန်က မြတ်စွာဘုရားရှင် သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်၏။ တကယ်ဖြစ်ရပ်သည် စိတ်ကူးယဉ်ဖြစ်ရပ်ထက် ဆန်းကြယ်သည် ဟူ၍ ဤ၀တ္ထုကို ဖတ်ရှုလေ့လာဖူးသော ပညာရှင်များသည်
အသိမှတ်မပြုဘဲမနေနိုင်ခဲ့ပေ။
သောရေယျပြည်တွင် အလွန်ကြွယ်ဝသောဇနီးမောင်နှံရှိ၏။ သူတို့တွင် အလွန်ချစ်ရသော သားရတနာ တစ်ယောက်ရှိ၏။ သောရေယျ သူဌေးသား ဟူ၍ ပိဋကတ်စာတော် မှတ်တမ်းတွင် အထင်ရှားတွေ့မြင်နိုင်ပါ၏။ သူဌေးသားသည် အချိန်အရွယ်သို့ရောက်သောအခါ သူ၏မိဘများက သူ့ကိုသင့်တော်သော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးလိုက်၏။ သူကားကိုယ်တိုင်လည်း ပျိုတိုင်းကြိုက် လှတဲ့သူဖြစ်၏။ ကိုယ်ကိုယ်တိုင်လည်းလှသလောက် အလှပကိုအလွန်မက်မောသူလည်းဖြစ်၏။ အမှန်အားဖြင် သူ့ဇနီးသည်လည်း လှပသူပင်ဖြစ်ပါ၏။ သို့ရာတွင် လောကအလှဟူသမျှသည် အမြင့်ဆုံးသဘောကို ဆောင်သည်ဟူ၍မရှိ။ အသာဆုံးသဘောကို ဆောင်နိုင်ရိုးထုံးစံမရှိ။ သည်အလှသဘောကို သောရေယျသူဌေးသားအနေနဲ့ နားလည်နိုင်စွမ်းမရှိ။ အခြားသာလှသောသူတစ်ယောက်နှင့် မတွေ့သေးမှီ သောရေယျသူဌေးသားသည် သူ၏ဇနီးကို သူကအလှဆုံးဟူ၍ မှတ်ယူထား၏။ မြတ်စွာဘုရား၏ ညီတော်နန္ဒမင်းသားသည်ပင်လျှင် ဤသို့ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလား။ ပုထုဇဉ်များအနေနဲ့ ဤသို့မှတ်ထင်တတ်မှုသည် သဘာဝတော့ကျလှပါ၏။ အဆန်းတော့မဟုတ်ပါချေ။ သောရေယျသူဌေးသားသည် သူ၏ဇနီးနှင့် သားနှစ်ယောက်ရ၏။ ထိုစဉ်ကာလအထိ သူ၏ဘ၀သည် ဘာမှပြောစရာမလိုလောက်အောင်ကို အဘက်ဘက်မှ ပြည့်စုံပါ၏။ ဥစ္စာပစ္စည်းနှင့် သားသမီးရတနာများသည် ဘာမျှပြောစရာမရှိ။ ဘာမျှပြောစရာမရှိသောဘ၀ဖြင့် အသက်ရှင်နေရခြင်းသည်ပင် သောရေယျအတွက် လောကချမ်းသာဖြင့် သူအပြည့်ဝခံစားနေရခဲ့၏။ တစ်ခုသောနေ့တွင် သောရေယျသူဌေးသားသည် သူငယ်ချင်းတစ်ယောက်နှင့်အတူ ရေချိုးရန် ယာဉ်ငယ်တစ်စီးဖြင့် ရေချိုးဆိပ်သို့ ထွက်ခဲ့၏။ နောက်ပါအခြွေရံများလည်း များစွာပင်လိုက်ခဲ့ကြပါ၏။ ထိုနေ့ကားသောရေယျသူဌေးသားအတွက် ဘ၀တစ်ခု အချစ်နှစ်ခုတွေ့စေမည် ဘ၀၏ တစ်ဆစ်ချိုးအကွေ့ကို ဖြစ်ပေါ်စေမည့်နေ့ ကို သောရေယျသူဌေးသားကိုပင် မဆိုထားနှင့်  ပုထုဇဉ်လူသားတိုင်းကြိုတင်၍မသိနိုင်ပါချေ။ တကယ့်လိုများ
ငါဘာဖြစ်မည်ဆိုသည့် အခြေနေကိုကြိုတင်၍သိနိုင်လျှင်ကား ပုထုဇဉ်များအနေနဲ့ ရှေ့ဆက်သင့်လျှင်ရှေ့ဆက်ရမည်သာ။ ရှောင်ကြဉ်သင့်လျှင်လည်း ရှောင်ကြဉ်ကြမည်သာ။ ထိုသို့ ကြိုတင်၍မသိနိုင်တာကြောင့် သောရေယျသူဌေးသားသည် လမ်းတွင် ရှင်မဟာကစ္စည်း မထေရ်နှင့်တွေ့၏။ ရှင်မဟာကစ္စည်းမထေရ်ကား အလွန်သပ္ပာယ်သောမထေရ်ဖြစ်၏။ လောကဝေါဟာရ အခေါ်ဝေါ်နှင့်ပြောရလျှင် အလွန်ချောသော၊ အလွန်လှသောမထေရ်ဖြစ်၏။ သောရေယျသူဌေးသားသည်
သူ့ဇနီး၏ အလှကိုသာ အလှဆုံးဟုပင်ထင်ခဲ့၏။ လောကမှာလည်း အမျိုးသားများတကယ်လှပြီဆိုလျှင် အမျိုးသမီးအလှက အရှုံးပေးရသည်ကို ထောက်ရှုခြင်းအားဖြင့် ရှင်မဟာကစ္စည်း အထေရ်၏ အလှကိုမြင်လိုက်သောအခါ သောရေယျသူဌေးသားသည် အလှကိုသာ ကိုယ်းကွယ်တတ်သူတို့၏ ထုံးစံအတိုင်း ရင်သပ်ရှုမော အံ့သြသွားလေ၏။ အံ့သြရုံသာလျှင် ကိစ္စမရှိ။ ရင်သပ်ရှုမော အလှကိုတပ်မက်မောသော တဏှာဖြင့် တပ်မက်မောလျှင်တော့ မိမိဘ၀ကိုတစ်ချိုးကွေ့ပြောင်းလဲစေနိုင်၏။ သောရေယျသူဌေးသားသည်လည်း ရှင်မဟာကစ္စည်းမထေရ်၏ အလှကို ဤသို့တောင့်တလိုက်၏။
” ဤမထေရ်သည်မူလည်း ငါ၏မယားဖြစ်ပါမူကား ကောင်းလေစွ၊ သို့မဟုတ် ငါ့မယား၏အဆင်းသည်လည်း ဤမထေရ်၏ အဆင်းကဲ့သို့ ဖြစ်ပါမူကား ကောင်းလေစွ” ဤတောင့်တချက်သည် သူ၏ဘ၀ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေနိုင်သော တောင့်တာချင်မှန်းသူမသိနိုင်ပါချေ။ အကယ်၍များသိခဲ့လျှင်လည်း ဤသို့တောင့်တာနေမည်မဟုတ်။ မသိခြင်းကြောင့်ပင် မတောင့်တာသင့်သော အရာကိုသူတောင့်တမိချေပြီ။ ဥပမာဖြင့်ဆိုရသော်..
လေးညို့မှ ပစ်လွှတ်လိုက်မိသောမြားကို ပြန်၍ မရုပ်သိမ်းနိုင်တော့သလို သူတောင့်တလိုက်မိသော မနောကံ အကုသိုလ်သည် တစ်ဖန်ပြန်၍ ရုပ်သိမ်းရန်မစွမ်းနိုင်တော့။ ပစ်လွှတ်လိုက်သောမြားသည် မစူးဝင်စေချင်သောအရာဝတ္ထုများကို အားကုန်စူးဝင်သွားသလို သူတောင့်တလိုက်သေ မနောအကုသိုလ်ကံသည် သူ့ကိုချက်ချင်းပင် ယောက်ျားဘ၀မှ မိန်းမဘ၀သို့ အသွင်ပြောင်းလဲစေခဲ့ပါပြီ။
သူသည် ရှင်မဟာကစ္စည်းမထေရ် အပေါ် ပြစ်မှားမိသောမနောကံအကုသိုလ်ကြောင့် သောရေသူဌေးသားဘ၀မှ သောရေယျသူဌေးသမီးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့၏။ ဤသို့သောဖြစ်ရပ်ကို ဆေးပညာရှင်များက မည်သို့သတ်မှတ်ကြမည်ကို မသိနိုင်သော်လည်း ကမ္မ၀ိသယော အစိန္တေယော ဟူသောမြတ်ဗုဒ္ဓဒေသနာတော်အရ ကောင်းကံ၊ မကောင်းကံတို့၏ အရာသည် ကြံစည်ခြင်းငှါမစွမ်းနိုင် ဟူသည်နှင့်အညီ သောရေယျသူဌေးသားသည်ပင်လျှင် သူကြိုတင်၍
ကြံစည်ခြင်းငှါမစွမ်းသာခင် သူပြုခဲ့သောအကုသိုလ်ကံသည် ယောက်ျားစင်စစ်ဘ၀မှသည် မိန်းမစစ်စစ်ဘ၀သို့ ဖြစ်သွားစေသည်ကိုတော့ ဒဏ္ဍာရီမဟုတ် ပိဋကတ်မှတ်တမ်းတော်မှာ အထင်အရှားရှိခဲ့ပါသည်။ သောရေယျသူဌေးသားသည် ရှက်လိုက်သည်ဖြစ်ခြင်း၊ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိတော့။အမှန်အားဖြင့်သူသည် ယခုဘသ၌ပင် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ ရဟန္တာဖြစ်မည့်ပါရမီရှင်ဖြစ်၏။ ပါရမီရှင်ဖြစ်သော်လည်း အကုသိုလ်ကံက မညှာတာ။ အကုသိုလ်နယ်ရောက်လျှင် ဘယ်သူ့ကိုမှမညှာတာ အစွန်းကုန် အကျိုးပေးလိုက်ခြင်းပင်ဖြစ်၏။
ထိုကြောင့်သောရေယျသူဌေးသားလို ပါရမီရှင်များသည်ပင်လျှင် အ၀ိဇ္ဇာနှင့် တဏှာကြောင့် မှားတတ်ကြသေးလေရာ ငါဘယ်တော့မှ မမှားဘူး ဟူသောခံယူချက်များကို ခံယူတတ်ကြသောပုထု
ဇဉ်များသည် အဘယ်မျှလွဲမှားနေနိုင်ကြသနည်း။ ထိုကဲ့သို့သောပုထုဇဉ်များသည် မိမိတို့၏မိုက်မဲမှုကို
မိမိတို့ကပြန်မမြင်တတ်ကြသဖြင့် မမှားသင့်သည်ကို ဆက်ကာဆက်ကာမှားနေလေတော့၏။ သို့သော်ငြားလည်း အမှားကိုမြင်တတ်ကြသော ပညာရှိ လူနတ်ဗြဟ္မာတို့သည် ဤလောက၌အထင်အရှား
ရှိပါ၏။ မိမိတို့ပြုထားသော ကောင်းကံ၊ မကောင်းကံတို့သည် အကျိုးမပေးရမချင်း အရိပ်ပမာလိုက်၍နေကြ၏။
Nothing cannot produce something ဆိုထားသည်နှင့်အညီ ကုသိုလ်ကံ၊ အကုသိုလ်ကံသာမရှိတော့လျှင်
ကောင်းကျိုး၊မကောင်းကျိုးသည်လည်း ရှိနေနိုင်တော့မည်မဟုတ်ပေ။ There is no cause there is no result
အကြောင်းတရားမရှိလျှင်လည်း အကျိုးတရားရှိမနေနိုင်တော့ပေ။ သောရေယျ သူဌေးသား၏ သူငယ်ချင်းနှင့်
အခြွေရံများသည် သောရေယျသူဌေးသားကိုရှာကြ၏။ မည်သည့်နေရာမှရှာမတွေ့နိုင်သောအခါ သူတို့သည်အိမ်ကို ပြန်သွားပြီဟူ၍မှတ်ထင်ပြီး သောရေယျပြည်သို့ ပြန်သွားကြ၏။ သူ၏မိဘကိုအကျိုးအကြောင်းပြောပြ၏။ မိဘများသည် တတ်နိုင်သမျှ သူတို့၏သားကို ရှာဖွေကြပြန်၏။
ရှာမတွေနိုင်တော့ သည့်အဆုံး သေပြီဟူ၍ ယူဆပြီး ရက်လည်ဆွမ်းကိုပါသွတ်လိုက်ကြ၏။
သောရေယျ သူဌေးသမီးသည် ခြေဦးတည့်ရာသို့ လျှောက်သွားနေခဲ့ပြီး ကံအားလျော်စွာပင် တက္ကသိုလ်ပြည်သို့သွားသော လှည်းကုန်သည်များနှင့် တွေ့၍ လှည်းများ၏နောက်မှ အစဉ်တစိုက် လိုက်သွား
ခဲ့၏။ ထို့နောက်ခြေကျင်မလိုက်နိုင်တော့သောအခါ အဖိုးအခကိုပေး၍ လှည်းကိုစီးလိုက်သွားခဲ့၏။လှည်းကုန်သည်များသည်လည်း အမျိုးသမီး၏ အဆင်းသဏ္ဌာန်ကိုကြည့်ပြီး တက္ကသိုလ်ပြည်က သူဌေးသားအားဆက်သရန် ရည်ရွယ်ပြီး အမျိုးသမီးကို ကောင်းမွန်စွာစောင့်ရှောက်
၍ခေါ်ဆောင်သွား၏။ တက္ကသိုလ်ပြည်သို့ရောက်သောအခါ လှည်းကုန်သည်များသည် တက္ကသိုလ်ပြည်သားသူဌေးအား အကျိုးအကြောင်းကိုရှင်းပြကြလေရာ တက္ကသိုလ်ပြည်သူဌေးသားတွင်လည်း ဇနီးမရှိသဖြင့် သောရေယျသမီးကိုပင် သိမ်းပိုက်လိုက်တော့၏။ အမျိုးသားနှင့် အမျိုးသမီးအိမ်ထောင်ပြုကြရာတွင် ရေစက်ကြောင့်လည်းဖြစ်နိုင်၏။ နီးစပ်မှုကြောင့်လည်းဖြစ်နိုင်၏။ အမှန်စင်စစ် သူတို့အိမ်ထောင်ပြုကြရာ၌ကား ရေစက်ကြောင့် ယုံမှားသံသယဖြစ်နိုင်စရာမရှိပေ။
အမျိုးသမီးသည် ယောက်ျားဘ၀ဖြင့် သားနှစ်ယောက်ကိုရခဲ့ဖူး၏။ ယခု တက္ကသိုလ်ပြည်သူဌေးကတော်ဘ၀ဖြင့်လည်း သားနှစ်ယောက်ကိုရပြန်၏။တစ်ဘ၀ထဲတွင် အချစ်နှစ်ခုနှင့်တွေ့
၍ စုစုပေါင်း သားလေးယောက်ရခဲ့၏။ သည်ဖြစ်ရပ်ကား ဆန်းကြယ်လှ၏။ တစ်ခုသောနေ့တွင်သူဌေးကတော်သည် လေသာပြတင်းမှ အပြင်သို့ငေးကြည့်နေစဉ် မိမိ၏ မိတ်ဆွေဟောင်းကိုတွေ့၏။ ထိုမိတ်ဆွေဟောင်းကား သောရေယျပြည်သား သူမ၏ဆော့ဖော်ဆော့ဖက် သူငယ်ချင်းပင်ဖြစ်၏။ သူငယ်ချင်းနှင့် အတူပင် ယာဉ်ငယ်ကိုစီးကာ သောရေယျပြည် ရေချိုးဆိပ်သို့အတူသွား
ခဲ့သည်မဟုတ်ပါလား။ ရှင်မဟာကစ္စည်းမထေရ်ကိုမြင်၍ ပြစ်မှားမိသဖြင့် မိန်းမဖြစ်ခဲ့ရ၏။ ထိုစဉ်ကမူ သူငယ်ချင်းများ သိမည်စိုးသဖြင့် ရှက်၍ခြေဦးတည့်ရာ တိတ်တဆိတ် ထွက်ပြေးခဲ့၏။ ယခုမူပြန်လည်ဆုံတွေ့သောအခါ သူဌေးကတော်သည် သူငယ်ချင်းနှင့်စကားပြောလိုလှ၏။ မိမိဘ၀ကို
တက္ကသိုလ်ပြည်၌ အဆုံးသတ်တော့မည်ဟု ဆုံးဖြတ်လိုက်ခါမှ သူဌေးကတော်၏ ထိုဆုံးဖြတ်ချက် ပြန်ပြင်ရတော့မည်ဖြစ်၏။ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုလာသော ဘ၀ကံကြမ္မာ၏စွမ်းအင်ကို အဘယ်သူက
တားဆီးနိုင်ပါမည်နည်း။သူဌေးကတော်သည်မိမိ၏ အစေအပါးတို့အား သူငယ်ချင်းသောရေယျပြည်သား သူဌေးသားကို အခေါ်ခိုင်းလိုက်၏။ သောရေယျပြည်သားသူဌေးသားသည်လည်း ခေါ်ခိုင်းသည့်အတိုင်းပင်လိုက်
ခဲ့၏။ သူဌေးသားသည် တက္ကသိုလ်ပြည်သို့ အလည်အပတ်ရောက်လာသည်မဟုတ်။ လှည်းပေါင်းငါးရာနှင့်ကုန်
ကူးရန်ရောက်လာခြင်းဖြစ်၏။ ထို့ကြောင့်သူသည် အခြားလှည်းငါးရာတို့အားခေတ္တထားခဲ့ပြီး လာခြင်းဖြစ်၏။
သောရေယျပြည်သားသူဌေးသားသည် တက္ကသိုလ်ပြည်သူဖြစ်နေသော သူဌေးကတော်ကို တွေ့မြင်သောအခါ မမှတ်မိဘဲရှိနေ၏။ ထို့နောက်မှ တက္ကသိုလ်ပြည်သူဖြစ်နေသော သူဌေးကတော်က အကျိုးကြောင်းစုံလင်စွာ ပြန်ပြောပြလိုက်မှ ထိုစဉ်က ဖြစ်ရပ်ကို ပြန်လည်အမှတ်ရလေတော့၏။
သူငယ်ချင်းသူဌေးသားကား အသိပညာဗဟုသုတရှိသူဖြစ်၏။ ရှင်မဟာကစ္စည်းမထေရ်အားပြစ်မှားမိသော အကုသိုလ်ကံသည် မထေရ်ကျေနပ်အောင်တောင်းပန်ပါက ပြေပြောက်သွားမည်ဖြစ်ကြောင်းကို သိ၏။ သော
ရေယျသူဌေးသမီးအတွက် ၀ဋ်ကျွတ်ချိန်ရောက်ပြီဖြစ်သောကြောင့် ကံအားလျော်စွာပင် ရှင်မဟာကစ္စည်းမထေရ်သည် တက္ကသိုလ်ပြည်၌သီတင်းသုံးနေလေ၏။ ထို့ကြောင့်သူဌေးကတော်၏သူငယ်ချင်းသည် ဘ၀တွင်အမွန်ဆုံးသောကောင်းမှုကို ပြုရန်ဆုံးဖြတ်လိုက်၏။ အမွန်မြတ်ဆုံးသော ကောင်းမှုဟူသည်ကား သောရေယျသူဌေးသမီးက ရှင်မဟာကစ္စည်းမထေရ်အပေါ် ပြစ်မှား
မိသောအကုသိုလ်ကံကို ပြေပျောက်စေရန် သူဌေးကတော်က မထေရ်အား တောင်းပန်အောင် ဦးစီးဦးဆောင်၍
ဆောင်ရွက်ပေးခြင်းဖြစ်၏။ ထိုသို့ဆောင်ရွက်ပါမှလည်း သောရေယျသူဌေးသမီးသည် သူဌေးသားအဖြစ်ပြန်၍ဖြစ်သွားပေလိမ့်မည်။ ထိုကြောင့်သူငယ်ချင်းသူဌေးသားသည် သူဌေးကတော်နှင့်တိုင်ပင်၍ ရှင်မဟာကစ္စည်းမထေရ်ကို အိမ်သို့ကြွပါရန် သွားရောက်၍ပင့်ဆောင်၏။
နောက်တစ်နေ့တွင် ဆွမ်းခံချိန်တွင် မထေရ်သည် သူဌေးကတော်အိမ်သို့ ကြွလာတော်မူ၏။ ထိုအခါသူငယ်ချင်းသူဌေးသားက သူဌေးကတော်ကို မထေရ်အား ပူဇော်သက္ကာရတို့ဖြင့် ပူဇော်စေပြီးနောက်
မိမိ၏ဖြစ်စဉ်အပြစ်ကို ၀န်ချတောင်းပန်ခိုင်း၏။ သူဌေးကတော်သည်လည်းဝန်ချတောင်းပန်၏။ သူငယ်ချင်းသည်လည်း အကျိုးကြောင်းရှင်းပြပြီး ကူ၍တောင်းပန်၏။ ရှင်မဟာကစ္စည်းမထေရ်သည်လည်း
အပြစ်ကို ”ငါသည်းခံ ၏” ဟူ၍ သည်းခံတော်မူ၏။ ထိုအခါ သောရေယျသူဌေးသမီးသည် သောရေယျသူဌေးသားဘ၀ကို ပြန်လည်၍ရရှိသွားလေတော့သည်။
တစ်ဘ၀တည်း၌ ယောက်ျားလည်းဖြစ်၊ မိန်းမလည်းဖြစ် လိုက်ရသော သောရေယျသူဌေးသားသည်
များစွာသံဝေဂဖြစ်စေခဲ့၏။ အမှန်အားဖြင့်ပါရမီ ပွင့်ချိန်တန်ခြင်းပင်ဖြစ်၏။ ထို့ကြောင့်သောရေယျသူဌေးသားသည် ငြိမ်းချမ်းသောဘ၀ကိုတည်ဆောက်ရန် ရှင်မဟာကစ္စည်းမထေရ်၏အထံတော်၌ ရဟန်းပြု၏။ ရှင်ဟာကစ္စည်းမထေရ်သည်လည်း သောရေယျသူဌေးသားကို ရဟန်းပြုပေးပြီးနောက် ကမ္မဌာန်းသင်ပေး၏။ အမည်အားဖြင့်သောရေယျ ရဟန်းပင်ခေါ်တွင်လေ၏။ ရှင်မဟာကစ္စည်းမထေရ်သည် သောရေယျရဟန်းကို နောက်ပါပြု၍ သာဝတ္ထိပြည်သို့
ဒေသစာရီကြွချီတော်မူလေ၏။ သောရေယျ ရဟန်း၏ နှစ်ဘ၀ဖြစ်ရပ်ကို ကြားသိကြသော သူများက တုန်လှုပ်
ချောက်ချားကာ ရဟန်းထံချဉ်းကပ်၍မေးကြ၏။ ရင်သပ်ရှုမောလည်းဖြစ်ကြ၏။ သံဝေဂရစရာလည်းဖြစ်ကြ၏။ သားလေးယောက်ရမှုနှင့် စပ်၍ မေးကြရာတွင် အဖဘ၀ဖြင့်ရသော သားနှစ်ယောက်ထက် အမိဘ၀ဖြင့်ရသော
သားနှစ်ယောက်ကို ပို၍ ချစ်ခင်ကြောင်း သောရေယျရဟန်းက ပြန်လည်ဖြေကြား၏။
မေးခွန်းများဖြေကြားရဖန်များသောအခါ သောရေယျရဟန်းသည် ရှက်စနိုးဖြစ်လာ၏။ ထို့ကြောင့် တစ်ပါးတည်းကိန်းအောင်းကာ ရဟန်းတရားများကို ကြိုးစားအားထုတ်လေရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ
ရဟန္တာဖြစ်သွားလေတော့၏။ တစ်ခါတစ်ရံ သောရေယျမထေရ်၏ ဘ၀နှင့် မေးခွန်းများမေးမြန်းကြသောအခါ
သောရေယျမထေရ်က ” ငါ့အားတစ်စုံတစ်ယောက်သောသားတို့အပေါ်၌ ချစ်ခြင်းတရားမရှိတော့ပြီ” ဟူ၍ ဖြေကြားလေသောအခါ ရဟန်းများက ထိုအကြောင်းကို မြတ်စွာဘုရားအားသွားရောက် လျှောက်ထားကြ၏။
ထိုအခါမြတ်စွာဘုရားက သားတော်သောရေယျမထေရ်သည် အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုသွားပြီဖြစ်သဖြင့်
သူ၏ဖြေကြားချက်သည်မှန်ကန်ကြောင်း အထက်ပါဆိုအပ်ခဲ့ပြီးသောဂါထာဒေသနာတော်ကို ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။ အမှန်အားဖြင့် ချမ်းသာစစ်စစ်ဟူသည်ကား သူတစ်ပါးက ပေးနိုင်သည်မဟုတ်။
မိမိစိတ်ကသာ ပေးနိုင်သောချမ်းသာဖြစ်၏။ မိမိစိတ်ကပေးခြင်းဟူသည်မှာ မှန်ကန်သောဝိပဿနာကျင့်စဉ်ဖြင့်
ကျင့်ခြင်းပင်ဖြစ်၏။ သောရေယျမထေရ်သည်လည်း မှန်ကန်သောဝိပဿနာကျင့်စဉ်ဖြင့် ကျင့်ခဲ့သောကြောင့်
လောကုတ္တရာစိတ်ကိုထားနိုင်ပြီး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင် သည်ကို သင်္ခန်းစာရစေပါသည်။ ”ကိုယ်ပြုသောကံ ပဲ့တင့်သံ ကိုယ့်ထံပြန်လာမည် ”ဟူသော ပညာရှိတို့၏စကားကိုလည်း အထပ်ထပ်ခါခါ ပြန်လည်ရွတ်မိပါတော့သည်။
(ဓမ္မပဒ စိတ္တ၀ဂ် သောရေယျ သူဌေးသားဝတ္ထုနှင့် ဦးရွှေအောင် ဓမ္မပဒ)

Saturday, March 10, 2012

2012 အတွက်.. စကားလက်ဆောင်...။


၁။ မေတ္တာဆိုတာ အဟောင်းအသစ်အားလုံးကို မြတ်နိုးတာပါပဲ

... ၂။ အနိုင်အရူံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး။ အဆုံးသတ်ကိုကြည့်တာ။

၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ။

၎။ အလှအပကြောင့် ဘ၀ပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်နော်။

၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ရသော အောင်မြင်မူသည် ရေရှညည်တည်တဲ့မည် မဟုတ်။

၆။ သစ်ပင်လို လေတိုက်ရာ ယိမ်းနေပေမဲ့ မှောက်လဲကမသွားပါစေနဲ့။

၇။ လက်တွေ့လုပ်ဆောင်ချက်က စကားလုံးတွေထက် ပိုပြီး ကောင်းမွန်တယ်။

၈။ အစွန်းရောက်လွန်းရင် ပြုတ်ကျတတ်တယ်နော်။

၉။ ရွှေဆိုတာ ရှားပါးပစ္စည်းမို့ တန်ဖိုးရှိတာမဟုတ်။ သူ့ရဲ့ ဂုဏ်သတ္တတွေကြောင့် တန်ဖိုးရှိတာပါ။

၁၀။ စိတ်ကူးယဉ်တယ်ဆိုတာ ငွေမပေးရပေမဲ့ အချိန်ပေးရတယ်။

၁၁။ ကိုယ်တတ်နိုင်သလောက် လောကကြီးကို ကူညီပါ။ ကိုယ်မတတ်နိုင်သေးရင်တော့ မနှောင့်ယှက်ပါနှင့်။

၁၂။ သူတစ်ပါးအပြစ်ကို များများရှာလေ ကိုယ့်ဘ၀မတိုးတက်လေပါပဲ။ ကိုယ့်အပြစ်ကိုရှာပါ။

၁၃။ ဘ၀တိုးတက်စေဖို့ အမြဲတက်ကြွနေပါ။ မင်းရဲက အောင်မြင်တိုးတက်မူအပေါ် ကြွတက်တာတော့ မဖြစ်စေနဲ့ပေါ့။

၁၄။ စကားသည် တကယ်တော့ မြားမဟုတ်ပေ…သို့သော် မြားထက်ပို၍ စူးပါသည်။

၁၅။ အရူံးထဲက ရလာတဲ့ အတွေ့အကြုံဆိုတာ အောင်ပွဲရှိရာ လမ်းညွှန်နေတဲ့ လမ်းပြကြယ်လေးပါ။

၁၆။ မျက်လုံးကန်းတာထက် အသိကန်းတာက ပိုဆိုးတယ်။

၁၇။ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ သူတစ်ပါးကို အပြစ်မတင်လိုက်ပါနဲ့။ သူ့မှာလည်း သူ့အကြောင်းနဲ့ သူလေ။

၁၈။ အတွေ့အကြံချင်းတူချင်တူမယ်၊ ဒါပေမဲ့ ခံယူချက် အမြင်ချင်းတော့ ကွဲပြားတတ်တယ်။

၁၉။ လူတစ်ယောက်ရဲ့အကြောင်းကို သေချာမသိဘဲ ဝေဖန်ပြောဆိုခြင်းဟာ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပါပဲ။

၂၀။ ထူးချွန်ပြီး ရိုးသားသူအတွက် နေရာတစ်နေရာ အမြဲရှိနေပါတယ်။

၂၁။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရရင်တောင် သူများဖြစ်ချင်တာကို ဖြည့်ဆည်းပေးနိုင်ရင် ကျေနပ်ဖို့ ကောင်းပါတယ်။

၂၂။ အပြစ်မြင်တတ်တဲ့စိတ်၊ သံသယစိတ်ရှိနေသရွေ့ ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး။

၂၃။ ထက်မြက်သွက်လက်တာနဲ့ လျှပ်ပေါ်လောလည်တာ တခြားစီပါနော်။

၂၄။ အမြင်မှားရင်တော့ အမှားမြင်တော့မှာပဲ။

၂၅။ သင့်ရဲ့စွမ်းအား အစွမ်းကုန် ထုတ်မသုံးသမျှ အကောင်းဆုံးကို သင်မရနိုင်။

၂၆။ အခြေအနေကို စောင့်ကြည့်တတ်ခြင်းဟာလည်း အောင်မြင်ဖို့အတွက် နည်းလမ်းတစ်လမ်းပါပဲ။

၂၇။ အတိတ်ကို မေ့ချင်မေ့ပါ။ ဘ၀ကိုတော့ မမေ့ပါနဲ့။

၂၈။ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်းဟာလည်း လူတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။

၂၉။ ဘယ်လောက်ပဲ အမှားကို ကျူးလွန်မိတဲ့သူဖြစ်ပါစေ၊ အမှားကို မှားမှန်းသိလို့ ပြန်တောင်းပန်ရင်

ထိုသူကို ခွင့်လွှတ်ပေးနိုင်ရပါမယ်။

၃၀။ လောဘကို အတော်သတ်နိုင်မှ သောကဇာတ်သိမ်းမှာပေါ့။

၃၁။ လူတော်မဖြစ်ချင်နေ လူရှော်မဖြစ်ပါစေနဲ့။

၃၂။ အသေချာဆုံး ရင်းနှီးမြုပ်နှံမူဟာ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

၃၃။ ဤအလုပ်ကို သင်လုပ်ရမည်ဟု သိတာနှင့်တစ်ပြိုင်နက် ထလုပ်လိုက်ပါ။

၃၄။ စာဘူးတောင်ငှက်တွေတောင် ကိုယ်လိုချင်တဲ့ အသိုက်ကိုရအောင် ဆောက်နိုင်တယ်ဆိုရင် မိမိကကော

ကိုယ်လိုချင်တဲ့ဘ၀ကို ဘာကြောင့် အတည်ဆောက်နိုင်ရမှာလဲ။

၃၅။ ဘယ်အတတ်ပညာမဆို တတ်သယောင်နဲ့ ဟန်တွေသုံးနေသမျှ ဉာဏ်တွေတုံးနေရမှာ သေချာတယ်။

၃၆။ သူများခိုင်းမှ လုပ်တာကျွန်၊ သခင်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ခိုင်း။

၃၇။ သည်းခံရခြင်းသည် ခါးသက်၏။ သို့သော် ၎င်း၏အသီးအပွင့်များက ချိုမြိန်လှ၏။

၃၈။ စိတ်လှရင် ရုပ်လှတာထက် တန်ဖိုးရှိပါတယ်။



Monday, March 5, 2012

စေတီလေးမျိုးနှင့် စွယ်တော်ပွားဟူသည်...


ဗုဒ္ဓမြတ်...စွာ၏ သြ၀ါဒအရ ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ပူဇော်ကြသော စေတီပုထိုး အမျိုးပေါင်း လေးပါးရှိသည်။ ယင်းတို့မှာ -
(၁) ဗုဒ္ဓဘုရားရှင်၏ ကိုယ်တော်အစိတ်ဖြစ်သော ဓာတ်တော်တို့ကို ဌာပနာ၍ တည်ထားကိုးကွယ်သော သာရီရိကစေတီ ခေါ် ဓာတုစေတီ၊
(၂) ပဋိစ္စသမုပ္ပာဒ် တရားတော်စသည်တို့ကို ရေးသားထားသော ရွှေပြား၊ ငွေပြား၊ ကြေားပြား၊ သတ္တုပြား၊ ပုရပိုက်၊ ပေ၊ ကျောက်ပြား၊ စက္ကူ၊ အုတ်ပြားအုပ်ချပ်တို့ကို ဌာပနာ၍ တည်ထားသော ဓမ္မစေတီ၊
(၃) ဗုဒ္ဓဘုရားရှင်အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများဖြစ်သော ရေစစ်၊ ခါးပန်းကြိုး၊ သပိတ်၊ သင်္ကန်း စသည်တိုပကို ဌာပနာ၍ တည်ထားကိုးကွယ်သော ပရိဘောဂစေတီ၊ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်နှင့် သီတင်းသုံးတော်မူခဲ့သော ဂန္ဓကုဋိ တို့သည်လည်း ပရိဘောဂစေတီ၊
(၄) ဗုဒ္ဓဘုရားရှင်၏ ကိုယ်စား ရည်မှတ်ပြီး သွန်းလောင်း ထွင်းထုပြုလုပ်ထားသော ဆင်းတုတော်စသော ဥဒ္ဒိဿစေတီတို့ဖြစ်သည်။
မြန်မာနိုင်ငံ ပုဂံမြို့မှ ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်စေတီ၊ တန့်ကြည့်တောင်စေတီ၊ ပဲခူးမဟာစေတီ၊ စစ်ကိုင်းကောင်းမူတော်စေတီတို့သည် မြတ်စွာဘုရား၏ စွယ်တော်ဌာပနာထားသော စေတီကြီးများဟု ကျော်ကြားလှသည်။ အလားတူ ရခိုင်ပြည်နယ်မြို့ဟောင်းတွင်လည်း မြတ်စွာဘုရား၏ အံတော်ဌာပနာထားသော စေတီတစ်ဆိုကို ဖူးတွေ့ရသည်။ ယင်းစေတီတို့သည် ဓာတုစေတီ အမျိုးအစားတွင် ပါဝင်ကြသည်။
စွယ်တော်ပွားဟူသည် စွယ်တော်ပွားနှစ်မျိုးနှစ်စား တွေ့ရပါသည်။ ပထမတစ်မျိုးမှာ အဓိဋ္ဌာန်ပြုခြင်းကြောင့် အလိုအလျောက် တိုးပွားလာသော စွယ်တော်ပွားမျိုး ဖြစ်ပါသည်။ အခြားတစ်မျိုးမှာ ဆင်စွယ်ကဲ့သို့ ပစ္စည်းအား စွယ်တော်ပုံသဏ္ဌာန် တူထုလုပ်၍ အတွင်းတွင် ဓာတ်တော်ဌာပနာခြင်း၊ စွယ်တော်စစ်နှင့် ရက် အကန့်အသတ်ဖြင့်အတူ ကိန်းဝပ်စံပယ်များ ပြုလုပ်၍ ဥဒ္ဒိသစွယ်တော်အဖြစ် ပူဇော်သော စွယ်တော်ပွားမျိုးဖြစ်ပါသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


ဆင်းထုကိုခိုးတာ..အကျိုးရှိသလား..?


ဒီမေးခွန်းနှင့်ပတ်သက်လို့ တလောတုန်းကဘဲ ဘာသာခြားလူငယ်တစ်စုနှင့်
အခြေအတင် ဖြေကြားပေးခဲ့ဖူးပါတယ်.သူတို့တစ်တွေလည်းသိချင်လို့မေးလာတာမျိုးမဟုတ်ဘဲ
သရော်လှောင်ပြောင်ချင်တဲ့ သဘောမျိုးနဲ့မေးတာကြောင့် သူတို့ရဲ့အားနည်းချက်တွေကိုပြန်လည်
... ထောက်ပြလိုက်မှအဲဒီဘာသာခြားလူငယ်တစ်စုဟာငြိမ်သက်သွားတာတော်သေးလို့ပေါ့။ဘာသာခြားအကြောင်းတွေ
သိသင့်သလောက်သိပါတယ် ။ဒါပေမယ့်သိတိုင်းလည်းပြောလို့ဖြစ်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။
အနာရှိမှဆေးထည့်တာအကောင်းဆုံးပေါ့။ဘာသာတရားဆိုသည်မှာစောဒကတက်ဝေဖန်တိုက်ခိုက်
ဖို့မဟုတ်ပါဘူး။သက်ရှိသတ္တ၀ါတွေငြိမ်းချမ်းဖို့အတွက်ပါ။
ဒီအတွက်သိထားသင့်သည်များသိထားဖို့ရန်ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါသည်။
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတတ်တဲ့ မေးခွန်းတွေပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။
ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။
ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။
ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ
စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး
ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက
မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့
ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။
စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့
မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊
ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့
ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။
ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို
ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ
ရည်မှန်းပြီး ပူဇော်ရပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်
အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို
ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့
ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား
စွပ်စွဲမှုများသာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့
ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊
ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်
နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး
မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့
အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊
သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။
ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ
ရှာဖွေလို့ ရနိုင်ပါတော့မလဲ။
ကျမ်းကိုး-( ဆင်းတုရှိခိုးတာ အကျိုးရှိသလား )(ဒေါက်တာမင်းတင်မွန်)

See More


တစ်လကိုးသီတင်းဟူသောဝေါဟာရ...


တစ်လကိုးသီတင်း - ဟူသော ဝေါဟာရကို မြန်မာမှုနယ်ပယ်တွင် သူရောငါပါ အသုံးတွင်ကျယ်စွာ ပြောဆိုနေကြပါသည်။ ဘာကို ဆိုလိုပါသနည်း?။ မေးလာလျှင်ကား ဖြေဆိုဖို့ ခပ်ခက်ခက်ပင်။
တစ်လကိုးသီတင်းကို အဓိပ္ပာယ်ဖွင့်လျှင် တစ်လ + ကိုးသီတင်း ဟုပင် ဖွင့်ဆိုရပါမည်။ တစ်လဟူသည်မှာ ယေဘုယျအားဖြင့် ရက်ပေါင်းသုံးဆယ်ကာလ၊ ရက်သတ္တပတ်အားဖြင့် လေးပတ်တာကာလကို ဆိုလိုပါသ...ည်။ ကိုးသီတင်းတွင် သီတင်းဟူသော ဝေါဟာရကို ရှင်းပါမည်။ သီတင်းဟူသောစကားမှာ ``သီလကို ဖြည့်တင်းသည်၊ သီလပြည့်တင်းစေသည်´´ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ရှေးအခါက ဥပုသ်သီလ ဆောက်တည်သူကို ယခုခေတ်ကဲ့သို့ ဥပုသ်သည်ဟု မခေါ် သီတင်းသည်ဟု ခေါ်ကြပါသည်။ ရှေး အင်းဝခေတ် စကားပြေများတွင်လည်း ``ဘုရားအလောင်း သီတင်းနေသည်´´ ဟူသော အသုံးအနှုန်းများ ကို နေရာ တော်တော်များများတွင် တွေ့ရတတ်ပါသည်။
ရဟန်းတော်များ ခရီးမကြွဘဲ မိမိတို့၏ ကျောင်းတိုက်များတွင် ခိုအောင်းလျက် သီလဖြင့် ပြည့်စုံစွာ နေထိုင် သည်ကို သီတင်းသုံးသည်ဟု ခေါ်ပါသည်။ သီလဖြင့် ပြည့်စုံစေလျက် ဤကျောင်းကို အသုံးပြုသည်ဟု ဆိုလိုဟန် ရှိပါသည်။ ပုဂံခေတ်က သီတင်းကျွတ်လကို ``သံတူလ´´ ဟု ခေါ်ကြသည်။ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ရက်ပေါင်းကိုးဆယ်ကြာ ကျောင်းတိုက်တစ်ခုအတွင် မှီတင်းနေထိုင်လျက် တရားဓမ္မများ အားထုတ်ရာကာလသည် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ကုန်ဆုံးလွန်မြောက်လေ သည်။ ယင်းကိုပင် သီတင်းကျွတ်သည်ဟု ခေါ်သည်။ ထိုသို့ ခေါ်ရာမှ သံတူလကိုလည်း သီတင်းကျွတ်လ ဟု ခေါ်ဆိုကြတော့သည်။ ဤသို့ အရပ်ရပ်ကို ထောက်ဆလျက် သီတင်းဟူသော ဝေါဟာရမှာ သီလကို ဖြည့်တင်းလျက်၊ တနည်း သီလကို ပြည့်တင်းစေလျက် နေထိုင်ခြင်းကို ခေါ်ကြောင်း သိသာပါသည်။ရဟန်းတော်များ ၀ါတွင်းသုံးလ သီတင်းသုံးကြသည်ကို အတုလိုက်၍ လူများကလည်း လစဉ်
၁။ လဆန်း (၁) ရက်နေ့
၂။ လဆန်း (၇) ရက်နေ့
၃။ လဆန်း (၈) ရက်နေ့
၎။ လဆန်း (၁၄) ရက်နေ့
၅။ လပြည့်နေ့
၆။ လဆုတ် (၇) ရက်နေ့
၇။ လဆုတ် (၈) ရက်နေ့
၈။ လဆုတ် (၁၃/၁၄) ရက်နေ့ (ရက်စုံ ရက်မစုံ ကွဲသည်)
၉။ လကွယ်နေ့
တစ်လလျှင် ကိုးကြိမ် ကိုးရက် ဥပုသ်သီတင်း ဆောက်တည်ကြပါသည်။ ဤသို့ မပျက်မကွက် ဆောက် တည်နိုင်လျှင် များစွာလည်း ဂုဏ်ယူတတ်ကြပါသည်။ ဗုဒ္ဓဘာသာ မြန်မာကြီးများ တစ်ဦးနှင့်တစ်ဦးတွေ့ဆုံသည့် အခါ ``ရောင်းရင်းတို့ ဥပုသ်သီတင်းများရော ကျင့်သုံးဖြစ်ပါရဲ့လား´´ ဟု မေးတတ်ကြသည်။ ထိုသို့ မေးလာလျှင်
``ကျင့်သုံးဖြစ်ပါတယ် အဆွေတော်၊ တစ်လကို ကိုးသီတင်း မပျက်မကွက် ဆောက်တည်လျက်ပါ´´ဟု ဖြေတတ်ကြ ပါသည်။
ဤသို့လျှင် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုကြရာမှ ``တစ်လကိုးသီတင်း´´ဟူသော အသုံးအနှုန်း တွင်ကျယ် လာခြင်း ဖြစ်ပါသည်။ ယခုအခါတွင်ကား တစ်လလျှင် လေးသီတင်းမျှပင် ပုံမှန် မဆောက်တည်ဖြစ်ကြတော့ပေ။ တစ်လလျှင် ကိုးသီတင်းဆောက်တည်နိုင်သူကား မရှိသလောက်ပင် ရှားခဲ့လေပြီ။ ထို့ကြောင့် တစ်လကိုးသီတင်း ဟူသော ဂုဏ်ယူဖွယ် စကားအသုံးအနှုန်းသည်လည်း ကာလတိုင်းတာမှုတစ်ခုအဖြစ်သာ နားလည်ကြပါတော့သည်။See More
"

Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488