၁။ ပထမ သဘောတရားမှာ မိမိ၏ဂုဏ်သိက္ခာကို မိမိကလေးစားတန်ဖိုးထားရခြင်းပင်ဖြစ်၏။
တစ်သက်လုံးဖုံးထားသမျှ ခါးကုန်းခါမှပေါ်ဟူသော အဖြစ်မျိုးမရောက်ရလေအောင် မိမိတို့၏
ဘ၀တစ်လျှောက်လုံး ထိန်းသိမ်းစောင့်ရှောက်လာသော မိမိတို့၏ ဂုဏ်သိက္ခာများ ၊မိမိတို့၏ မျိုးရိုး
စဉ်ဆက်ဂုဏ်သိက္ခာများကို ရိုသေလေးစား တန်ဖိုးထားသော သဘောထားဖြင့် လုပ်ငန်းများကို
လုပ်ဆောင်ရ၏ ။ဤသဘောထားကို အတ္တာဓိပတိ ဟုခေါ်ဆိုရ၏။
၂။ ဒုတိယထားရှိရမည့် သဘောထားမှာ လောကာဓိပတိဖြစ်ပါ၏ ။ လောကာဓိပတိဟူသည်
ပတ်ဝန်းကျင်လောက ကိုလေးစားခြင်းပင်ဖြစ်၏ ။ ပတ်ဝန်းကျင်လောကတွင် မိမိ၏မိသားစု၊
မိမိ၏ရပ်ရွာ၊ မိမိ၏မြို့နယ်၊ မိမိ၏နိုင်ငံနှင့် ကမ္ဘာတစ်ခုလုံးပါဝင်၏ ။ တစ်နည်းအားဖြင့်ဆိုရသော်
လူသားအားလုံးပါဝင်၏ ။ အမှန်အားဖြင့်လူတစ်ယောက်သည် လူသားအားလုံးပါဝင်သော လူ့အဖွဲ့စည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်လေရာ တစ်ဦးတစ်ယောက်ချင်းကောင်းပါမှ လူ့အဖွဲ့စည်းတစ်ခုလုံး
ကောင်းပေမည်။ ထို့ကြောင့်လူတစ်ဦးတစ်ယောက်သည် ပတ်ဝန်းကျင်လောက၏ ငြိမ်းချမ်းသာယာရေးအတွက် တာဝန်ရှိပါ၏။ သို့ဖြစ်၍ မိမိနှင့်ပတ်သက်ပြီး
ပတ်ဝန်းကျင်လောက၌ နစ်နာမှုမရှိရလေအောင် ပတ်ဝန်းကျင်ကိုလေးစားရခြင်းဖြစ်ပါ၏။
ပတ်ဝန်းကျင်၌နေပြီး ပတ်ဝန်းကျင်ကိုအလေးဂရုမပြုသော လူသားမျိုးနွယ်စုတွေအနေနှင့်
ပတ်ဝန်းကျင်ကလည်း ထိုလူသားမျိုးနွယ်စုကို မျက်ကွယ်ပြုမည်မှာအမှန်ပင် ။
၃။ တတိယ ထားရှိရမည့်သဘောထားသည် ဓမ္မာဓိပတိ ဖြစ်၏ ။
ဤ၌ ဓမ္မာဓိပတိသည် အရာကျယ်၏ ။ သံသရာတွင်းနှင့်လည်းပတ်သက်၏ ။ သံသရာလွန်နှင့်လည်း
ပတ်သက်၏ ။ လောကနှင့်လည်းပတ်သက်၏ ။လောကုတ္တရာနှင့်လည်း ပတ်သက်၏ ။လူတစ်ဦးတစ်ယောက်ချင်းစီနှင့်လည်းပတ်သက်၏ ။လောကတစ်ခုလုံးနှင့်လည်းပတ်သက်၏ ။
ထို့ကြောင့်ဆိုင်ရာဆိုင်ရာ သတ်မှတ်ထားသော ယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများ၊ စည်းမျဉ်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ဤလောက ပစ္စက္ခ၌ ငြိမ်းချမ်းသာယာရေးအတွက်
စိတ်ရင်းမှန် ၊စေတနာမှန်နှင့် လေးစားအပ်၏ ။ တမလွန်ငြိမ်းချမ်းသာယာရေးအတွက် ဆိုင်ရာဆိုင်ရာ သတ်မှတ်ထားသော ကိုယ်ကျင့်သိက္ခာများ ၊ကုသိုလ်ကောင်းမှုများ၊ ဆိုင်ရာမိမိယုံကြည်ကိုယ်းကွယ်ရာ ဘာသာတရားဓမ္မကျင့်စဉ်များကိုလည်း လေးစားလိုက်နာအပ်၏။
အနက်အဓိပ္ပာယ်အားဖြင့် ဓမ္မဟူသည်သက်ရှိလူသားတွေအတွက် ကောင်းသောသဘောကိုဆောင်ပါမှ
ဓမ္မမည်ပါ၏။ မိမိတို့၏ အယူအဆအရသာ ကောင်းသည်ဟုသတ်မှတ်ထားရုံမျှနှင့် တော့ဓမ္မမမည်နိုင်သေးပေ။
ဓမ္မဟူသည် တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ကိုပါးသည်ထက်ပါးအောင် လုပ်ဆောင်ပေးနိုင်သော သဘောရှိမှသာ စစ်မှန်သောဓမ္မမည်၏ ။ ထို့ကြောင့်ဓမ္မာဓိပတိအရ တရားကိုလေးစားခြင်းဟူသည်မှာ လုပ်ငန်းများကိုလုပ်ဆောင်ရာ၌ မိမိ၏ တဏှာ၊ မိမိ၏ မာန၊ မိမိ၏ ဒိဋ္ဌိတို့ကို ပါးနိုင်င်သမျှပါးအောင် ဆောင်ရွက်ခြင်းဖြစ်၏ ။ တစ်နည်းအားဖြင့်ဆိုရသော် မိမိ၏ အတ္တကို ပါးနိုင်သမျှပါးအောင်လုပ်ဆောင်ခြင်းပင်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အတ္တဟူသည် တဏှာဖြင့်စွဲသော အတ္တလည်းရှိ၏။ မာနဖြင့်စွဲသော အတ္တလည်းရှိ၏။ ဒိဋ္ဌိဖြင့်စွဲသော အတ္တလည်းရှိ၏ ။ ထို့ကြောင့်ပင် အတ္တပါးလျှင် တဏှာ၊ မာန၊ ဒိဋ္ဌိ
တို့သည်လည်း အထိုက်အလျောက်ပါးသောကြောင့် ဓမ္မာဓိပတိအရ အတ္တပါးအောင်လုပ်ဆောင်ခြင်းသည် တရားကိုလေးစားခြင်းပင် ဖြစ်၏ဟု ဆိုခြင်းဖြစ်၏ ။
သက်ရှိလူသားတို့၏ ဘ၀သက်တမ်းတစ်လျှောက် လုပ်ငန်းများကိုလုပ်ဆောင်ရာတွင် ဓမ္မာဓိပတိ
သဘော ပါဝင်မှုရှိမရှိကို သေခါနီးကာလ၌ နိမိတ်ပြ၏။ သေခါနီးကာလာတွင် ကမ္မနိမိတ်၊ ဂတိနိမိတ်၊ ပ၀တ္တိနိမိတ် တည်းဟူသောနိမိတ်သုံးပါးတွင် တစ်ပါးပါးတွင်မလွဲမသွေထင်ရ၏။
ကံသည် ဓမ္မနိယာမအရ ဇနေတိ သဒိသံပါကံ ဆိုသည့်အတိုင်း မိမိနှင့်တူသော အကျိုးကိုပေး၏။
ကံကိုလိမ်ညာ၍မရနိုင် ။ လူသားတို့အနေဖြင့် မိမိတို့လုပ်သောအမှုကို ပုထုဇဉ်တို့ဓမ္မတာအရ
အကောင်းချည်းဟူ၍ ထင်တတ်ကြလေရာ မိမိတို့၏အထင် မှန်သည် မမှန်သည်ကို သေခါနီးကာလ၌ သိရမည်ဖြစ်၏ ။
မိမိပြုခဲ့သော ကံသည် မိမိတို့အနေဖြင့် ကောင်းသည်ဟု လုပ်ခဲ့ခြင်းပင်ဖြစ်စေကာမူ သေခါနီးကာလ၌ သူ့သဘော သူဆောင်ကာ ကမ္မနိမိတ်၊ ဂတိနိမိတ်၊
ပ၀တ္တိနိမိတ် ဟူသော နိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသော နိမိတ်ဖြင့် တူသောအကျိုးပေးသည့်
သဘောကို မလွဲမသွေပြမည်ဖြစ်၏။ ၀ရမ်းပြေးလူဆိုးတစ်ယောက်သည် ရာဇ၀တ်ဘေးမှ ပြေး၍
လွတ်ချင်လွတ်ဦးမည်။ အကုသိုလ်ပြုလုပ်ခဲ့ပါက ဘယ်နေရာပြေးပြေး ယင်းအကုသိုလ်၏ ပြစ်ဒဏ်မှ
ပြေးမလွတ်နိုင်။ ထို့ကြောင့်ဤလောကတွင် မည်သည့်လုပ်ငန်းကိုလုပ်လုပ် အကုသိုလ်လုပ်ငန်းများကို မလုပ်မိအောင် ၊ အတ္တစိတ်နည်းပါးအောင်၊ လောကကို မိမိအတွက် အသုံးမချဘဲ မိမိတို့၏ဘ၀ကိုသာ လောကအတွက်အသုံးချတတ်အောင် မြတ်ဗုဒ္ဓသည်
ဤတရားသုံးပါးကို ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါ၏ ။ (ဦးရွှေအောင်)