BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, July 4, 2012

သရဏဂုံအကြောင်းသိကောင်းစရာများ..

သရဏဂုံဆိုသည်မှာ “သရဏဂမန”
ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း
 ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
 သရဏ-ကိုးကွယ်ရာအားထားရာအဖြစ်
ဖြင့် ဂမန- ဆည်းကပ်ခြင်းကို 
“(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။သရဏရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု မှတ်ယူပါ။
အဘယ်ကြောင့်ဆိုသော်---
၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကောင်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။
၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။
၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်ဖြစ်ပါစေ)ကို ပြုကြကုန်သော သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။
ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။
သရဏဂုံ(၂)မျိုး
လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်ပါးအပြား ရှိသည်။
ထိုတွင်...
(၁) လောကီသရဏဂုံသည်...
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံသုံးပါးအပေါ် ယုံကြည် ဆည်းကပ်မှုဖြင့်တည်သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ညစ်ညူး ကြောင်းတရားများကို ပယ်ဖျောက်လျှက် ရတနာမြတ်သုံးပါး၏ဂုဏ် ကို တိုက်ရိုက်အာရုံပြု၍ ဆောက်တည်မှ ပြီးပြည့်စုံသော သရဏဂုံ မျိုး ဖြစ်သည်။
ထိုလောကီသရဏဂုံသည် ညစ်ညူးတတ်၏၊ ပျက်စီးနိုင်၏။ ယခု ဘဝ မညစ်နွမ်း၊ မပျက်စီးခဲ့လျှင်ပင် နောက်နောင် ထိုထိုဘဝတို့၌ ညစ်နွမ်းနိုင်၊ ပျက်စီးနိုင်၏။ ရတနာသုံးပါးကို ကောင်းစွာမသိခြင်း၊ ရတနာသုံးပါး အပေါ်၌ ဟုတ်မှဟုတ်လေပါ့မလားဟု ယုံမှားသံသ- ယဖြစ်ခြင်း (ဝိစိကိစ္ဆာ) တို့သည် လောကီသရဏဂုံကို ညစ်နွမ်း စေသည်။ ထိုသို့ မညစ်နွမ်းအောင် ထိန်းသိမ်းနိုင်ခဲ့လျှင် ကောင်း သောဘုံဘဝ၌ ဖြစ်တည်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
(၂) လောကုတ္တရာသရဏဂုံသည်…
သစ္စာလေးပါးတရားတော်ကို သိမြင်ပြီးကုန်သော အရိယာ သူ-တော်စင်များ၏ မဂ်ခဏ၌ ထိုမဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်လာသော သရဏဂုံမျိုး ဖြစ်သည်။ ထိုအရိယာ ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါးအပေါ်၌ မမှိတ်မသုန် ယုံကြည် ကိုးကွယ် ခြင်း ရှိလေတော့၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် မဆောက်တည်ရ ဘဲ အမြဲသရဏဂုံ တည်နေကြသော ပုဂ္ဂိုလ်များ ဖြစ်၏။ဗုဒ္ဓဘာသာ ဝင်အဖြစ်မှ မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပေ။
သရဏဂုံ၏ ညစ်ညူးခြင်း၊ ပျက်စီးခြင်းလည်း မရှိတော့ပေ။ ထို့ ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကုတ္တရာ သရဏဂုံကို ရပေမည်။ ပုထုဇဉ်ဘဝဖြင့် ဘယ်သောအခါမှ မရရှိနိုင်ပေ၊ မဖြစ်နိုင် ပေ။ အရိယာပုဂ္ဂိုလ်များ၏ လောကုတ္တရာ သရဏဂုံသည် နိဗ္ဗာန်ကို မရမခြင်း ဘဝဆက်တိုင်း တည်မြဲ နေလိမ့်မည်။
သရဏဂုံညစ်နွမ်းခြင်း အကြောင်းသုံးပါး
၁. အဉာဏ-သရဏဂုံသုံးပါးအပေါ်၌သေချာကျနစွာ မသိခြင်း၊
၂. သံသယ- သရဏဂုံသုံးပါးအပေါ်၌ ယုံမှားသံသယရှိခြင်း၊
၃. မိစ္ဆာဉာဏ- သရဏဂုံသုံးပါးအပေါ်၌ မှားယွင်းသော အမြင်၊
အယူအဆ ရှိခြင်း။ (မူလ ပဏာသအဋ္ဌကထာ)
ထိုသုံးမျိုးတို့တွင် ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံ သုံးပါးအ ကြောင်းကို သိအောင် လေ့လာခြင်းဖြင့် နံပါတ် (၁)နှင့်(၂) ညစ်နွမ်း မှုကို ပယ်ဖျောက်နိုင်သည်။ နံပါတ် (၃) ညစ်နွမ်းမှုကိုကား ဗုဒ္ဓ ဓမ္မ သံဃာ-ဟူသော သရဏဂုံအပေါ်၌ ယုံကြည်သော သဒ္ဓါတရား နှင့် ပညာဉာဏ်ကို ခိုင်မာအောင်ပြုလျှက် ပယ်ဖျောက်နိုင်သည်။ ပယ်ဖျောက်မှု မပြုနိုင်ပါက သရဏဂုံပျက်စီးခြင်းသို့ ရောက်၏။
သရဏဂုံတည်ခြင်း
ရတနာမြတ်သုံးပါးကို သဒ္ဓါ၊ ပညာ ပြည့်စုံစွာဖြင့် ကိုးကွယ်အား ထားလဲလျောင်းရာ အမှန်ဟူ၍ တစ်ကြိမ်တစ်ခါ ဆောက်တည်ထား လျှင် ထိုရတနာ မြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးကွယ် ဆည်းကပ် သည့်စိတ်မပျောက်သေးသမျှ ကာလပတ်လုံး တည်မြဲနေ၏။
သရဏဂုံပျက်ခြင်း နှစ်မျိုး
သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် မပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။
ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။ သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ကျန်ရစ်သူများ၏ သရဏဂုံ ကျိုးခြင်း၊ ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန် လည် တည်သွားအောင်သာ သရဏဂုံပေးခြင်း ဖြစ်၏။ သရဏဂုံ တည်၍ ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းသည်အကျိုးများလှသည်။ ထိုသို့သောကောင်းမှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အကျိုးထူးလှ၏။
သရဏဂုံဖြစ် မဖြစ်
၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။
၂) ကြောက်၍ ရှိခိုးခြင်း။
၃) ဆရာဖြစ်၍ ရှိခိုးခြင်း။
ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။
သရဏဂုံပျက် မပျက်
သရဏဂုံဆောက်တည်ပြီးသောသူသည် ...
(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြုထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုး တည်း”ဟုအသိရှိလျှက် ရှိခိုးသောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်သာတည်း။
(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေပြုအပ်သည်ရှိသော် အ ကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အ ထက် လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည် ထားသော သရဏဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။
(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံမပျက်ပေ။
သရဏဂုံဆောက်တည်ခြင်း
သရဏဂုံဆောက်တည်ချင်သောသူသည်….
အောက်ပါအတိုင်းဆောက်တည်ရမည်။
အဇ္ဇတဂ္ဂေ ပါဏုပေတံ...
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ...,

တတိယမ္ပိ ဗုဒ္ဓံ...

စသည်ဖြင့် ဆက်ဆိုပါ။
အဇ္ဇတဂ္ဂေ- ယနေ့ကို အစပြု၍၊ ပါဏုပေတံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ဖျောက်တတ် ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
ဓမ္မံ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို၊ သရဏံ သရဏံဣတိ- ဆင်းရဲ ကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင်တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
သံဃံ- သမုတိ အရိယာ သံဃာတော်အပေါင်းကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင် တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲ ဆည်းကပ်ပါ၏။
သရဏဂုံတည်ခြင်း၏အကျိုး
သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသဖြင့် ကောင်းကျိုး များ အဆင့်ဆင့် ရရှိသွားသော တိသရဏဂမနိယမထေရ် အ- ကြောင်းကို သာဓကအဖြစ် ထုတ်ပြပါမည်။
တိသရဏဂမနိယမထေရ် လောင်းလျာအမျိုးကောင်းသား တစ် ယောက်သည် ရှေးရှေးဘုရားရှင်တို့ ထံတော်၌ (ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု) မဂ်ဖိုလ်နိဗ္ဗာန် ရလိုပါကြောင်း ဆု တောင်းခဲ့သည်။ ထိုထိုဘဝ၌ ဝဋ်ကင်းရာ နိဗ္ဗာန်ကို ရခြင်းရောက် ခြင်း၏ အထောက်အပံ့ ဖြစ်ကုန်သော ဒါနကောင်းမှု သီလကောင်း မှု ဘာဝနာကောင်းမှုတို့ကို ဆည်းပူးပြုလုပ်ကာ အားထုတ်ခဲ့သည်။
ထိုသို့အားထုတ်ခဲ့သောကြောင့် ဝိပဿီမြတ်စွာဘုရားရှင် လက် ထက်တော်အခါ၌ ဗန္ဓုမတီမြို့တော်ရှိ အမျိုးကောင်းသား အိမ်၌ ကံ အားလျော်စွာ မွေးဖွားခဲ့သည်။ သို့သော် သူ၏မိဘနှစ်ပါးစလုံးသည် မျက်စိနှစ်ကွင်း အလင်း မရရှိကြပါ။ တစ်နေ့တွင် ဝိပဿီမြတ်စွာ ဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသည့်အခါ ရ ဟန်းပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သိုသော် မိဘနှစ်ပါးစလုံး သည် မျက်မမြင်များ ဖြစ်သောကြောင့် ရဟန်းပြုခွင့် မရရှိခဲ့ပါ။ မျက် မမြင် မိဘနှစ်ပါးကို ထားခဲ့၍ ရဟန်းပြုခဲ့ပါက သင့်တော်မည် မ ဟုတ်ပေ။
ထို့ကြောင့် မိဘများကို လုပ်ကျွေးရင်း မည်ကဲ့သို့သော တရားကို ကျင့်ကြံရရင်လျှင် ကောင်းမည်နည်းဟု ရှာဖွေကြည့်သောအခါ သ-ရဏဂုံသုံးပါးကို အမြဲမပြတ် ရွက်ဆိုနေပါက အကျိုးတရား အား- ကြီးကြောင်း သိရှိခဲ့၏။ ထိုအခါ ရဟန်းတော် တစ်ပါးထံ၌ သရဏဂုံ သုံးပါးကို ခံယူဆောက်တည်ကာ သတိရသည့်အခါတိုင်း ရွတ်ဆို ပွားများနေခဲ့သည်။အလုပ်လုပ်ရင်လည်းရွတ်ဆိုပွားများနေခဲ့သည်။ အိပ်ပျော်သွားသည်အထိ ရွတ်ဆိုပွားများနေခဲ့သည်။ မိဘနှစ်ပါးကို လည်း အသက်ထက်ဆုံး ပြုစုလုပ်ကျွေးခဲ့သည်။
မိဘနှစ်ပါး ကွယ်လွန်ပြီးသည့်နောက် သူလည်း ထိုဘဝမှ ကွယ် လွန် အနိစ္စ ရောက်ခဲ့သည်။ သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့သည့် အစွမ်းသတ္တိ နှင့် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခဲ့သည့် အစွမ်းသတ္တိ တို့ကြောင့် ဘဝသံသရာ ကျင်လည်စဉ် သိကြားမင်းအဖြစ်က ကြိမ် (၈ဝ)၊ စကြာဝတေးမင်းအဖြစ်က (၅၇)ကြိမ် ဖြစ်ခဲ့ပါသည်။ သရဏ ဂုံ၏အကျိုးသည် ဤမျှလောက် ကြီးမားပါပေသည်။
နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ သူဋ္ဌေးတစ်ဦး၏သားအဖြစ် ပဋိသန္ဓေနေ၍ မွေးဖွားခဲ့ပါသည်။ ခုနှစ် နှစ်သား အရွယ်တွင် ကလေးတို့သဘာဝအတိုင်း သူငယ်ချင်းများ နှင့် ဆော့ကစာရင်း ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းသို့ ရောက်သွားခဲ့ကြသည်။ ထိုကျောင်း၌ သီတင်းသုံးနေထိုင်သော ရ-ဟန်းတော်မှာ ရဟန္တာဖြစ်ပါသည်။ ရဟန်းတော်မှ ကလေးများအား ခေါ်ပြီး သရဏဂုံကို သင်ပေးသည့်အခါ တိသရဏဂမနိယမထေရ် လောင်းလျာ အမျိုးကောင်းသားလေးမှာ တစ်ကြိမ်တည်းနှင့် အားလုံးကို အလွတ်ရခဲ့သည်။


ထို့နောက် သူ၏စိတ်ထဲတွင် ဤသရဏဂုံတရားကို သူပွားများခဲ့ ဘူးသည်ဟု အတိတ်ကို သိသောဉာဏ် (ဇာတိဿရဉာဏ်) ပေါ် လာခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း ဝမ်းသာမှု ပီတိသောမနဿ များ ဖြစ်ပေါ်လာခဲ့သည်။ ထိုပီတိသောမနဿတို့ကို ဉာဏ်နှင့် ဆင် ခြင်၍ ရှုကြည့်သည့်အခါ ဖြစ်ပြီးလျှင် ပျက်ပျက်သွားသော အနိစ္စ သဘောတရားများဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘော အမြဲမပြတ် နှိပ်စက်သောကြောင့် ဆင်းရဲခြင်း ဒုက္ခသဘော တရား များလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုသဘောတရားများကို အဖန်ဖန် ဆန်းစစ်ကြည့်သောအခါ အနှစ်သာရဟူ၍ ဘာမျှတစ်ခုမျှ ရှာဖွေ၍ မရသော အနတ္တသဘောများလည်း ပေါ်လာခဲ့သည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်များ တဆင့်ထက်တဆင့် မြင့်တက်လာကာ ထိုဝိပဿနာဉာဏ်၏ အဆုံးတွင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ ရောက် ရှိခဲ့သည်။ အရဟတ္တမဂ်ဉာဏ်နှင့်အတူ မည်သည့်အခါမျှ ပျက်စီးခြင်း မရှိနိုင်သည့် လောကုတ္တရာ သရဏဂုံကို ခိုင်မြဲစွာ ရရှိ သွားခဲ့သည်။
တိသရဏဂမနိယမထေရ်မြတ်က ဝမ်းသာလွန်း၍ သူ၏အကြောင်း ကို ပြောပြချင်သောကြောင့် ရဟန်းတော်များကို စုဝေးဖိတ်ကြား ကာ သူ၏ ဘဝဖြစ်စဉ်ကို ဤသို့ လျှောက်ထားခဲ့သည်။"စည်းလုံးညီညာ ရောက်လာကြကုန်သော သံဃာတော် အရှင်သူ မြတ်တို့ဘုရား။ အရှင်မြတ်တို့၌ ကြားနိုင်သော သောတဝိညာဏ်ဟု ခေါ်ဆိုအပ်သည့် နာမ်တရားသည် ရှိပါပေ၏။ယခုလျှောက်ထားမည့် ဘုရားတပည့်တော်၏ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အကြောင်း အရာကို အာရုံစိုက်၍ နာယူတော်မူကြပါဘု ရား။”ဟုဆိုကာ သူ၏ ဘဝဖြစ်စဉ်ကို ဟောကြားခဲ့သည်။
ထိုနောက် ဆက်လက်၍ ”စည်းလုံးညီညာ ရောက်လာကြကုန် သော သံဃာတော် အရှင်မြတ်တို့ ဘုရား လောကတစ်ခွင်၌ မြတ် စွာဘုရားသည် ဥဒေတောက်ကျွန်း နေစက်ဝန်းကဲ့သို့ ပေါ်ပေါက်၍ နေပါ၏။ မြတ်စွာဘုရားသခင်၏ အဆုံးအမတရားတော်တို့သည် လည်း လောက၌ အထင်အရှား ဖြစ် ပေါ်၍ နေပါပေ၏။စိုးရိမ်သောက ဘေးဒုက္ခတည်းဟူသော ညှောင့်တံသင်းတို့ကို ပယ်ပျောက်ဖျက်ဆီးတတ်သော၊ သေခြင်းကင်းရာဖြစ်သော တရား ဓမ္မတည်းဟူသော စည်တော် ကြီးကိုလည်း တီးခတ်၍ နေကြပါပေ ကုန်၏။
ကုသိုလ်ကောင်းမူပြုရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပါပေ ထသော အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသော သာသ နာတော်မြတ်ကြီး၌ စွမ်းနိုင်ကြသည့်အားလျော်စွာကောင်းစွာပြုအပ် သော ကောင်းမှုကုသိုလ်များကို ပြုကြကုန်လော၊့ ပါရမီ ပြည့်စုံလုံ လောက်သည့်အခါ နိဗ္ဗာန်ချမ်းသာကို တွေ့မြင်ခံစားကြရပေလိမ့်မည်”ဟု လျှောက်ထားခဲ့သည်။
ထို့နောက် သရဏဂုံ၏အကျိုးတရားများကို ဆက်လက်၍ ဟော ကြားခဲ့သည်။
သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
၁. ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။
၂. တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။
၃. သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၎. အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။
၅. သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။
၆. ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇. မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈. ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကားများကိုသာ ပြောကြမည်။ ကောင်းသတင်းများသာ ကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့ပါသည်။
ဒီဃနိကာယ် (နှာ-၃၃၂) သံယုတ္တနိကာယ် (နှာ-၃၄၁) တို့၌ လာသော သရဏဂုံ၏ အကျိုးတရားများမှာ-
၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန် အန္တရယ်များရှိခြင်း၊ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။
၂။ နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက် ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်း ချမ်းသာကို ရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ် တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည် သူကမျှပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။

ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တနေ့နေ့ တချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပါမည်။ သံ သရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရားများကို ရရှိပါလိမ့်မည်။ ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ် ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းရင်း လင်္ကာ ဆောင်ပုဒ်လေးဖြင့် နိဂုံးချုပ်အပ်ပါ သည်။
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
(By အရှင်ဥက္ကံသ(ဖားအောက်တောရ) ..)

Monday, June 4, 2012

သာသနာကိုတကယ်ကြည်ညိုရဲ့လား...?


ဒကာတစ်ယောက်က ဆရာတော်တစ်ပါးကိုလျှောက်တယ် “ဆရာတော်ဘုရား ဘုန်းကြီးတွေဟာ

 နေရာတကာပါတယ်
 ဘောလုံးပွဲဆိုရင်လည်း ဘုန်းကြီးတွေ၊ ရုပ်ရှင်ရုံမှာလည်း ဘုန်းကြီးတွေပဲ၊ ယုတ်စွ အဆုံး ချင်းတွင်းမြစ်ရေကြီးလို့ လာကြည့်ရင်တောင် ဘုန်းကြီးတွေများတယ်ဘုရား”အဲ့ဒီနောက် ဆရာတော်ကြီးက“ဟဲ့ ဒကာ မင်းသာသနာကို တကယ်ကြည်ညိုရဲ့လား”“မှန်လှပါ တကယ်ကြည်ညိုပါတယ်ဘုရား”
“အေ မင်းသာသနာကို တကယ်ကြည်ညိုရင် အဲ့ဒီဘုန်းကြီးတွေ မင်းတွေ့တဲ့နေရာမှာ ရှိခိုးလိုက်'ဆရာတော်ကြီးမိန့်တဲ့အတိုင်း ဒကာကြီးက ဘုန်းကြီးတွေကို ဘယ်နေရာမှာတွ့တွေ့ တွေ့ တဲ့ နေရာမှာ ထိုင်ပြီးရှိခိုးလိုက်တာ နောက်ပိုင်း ဘုန်းကြီးတွေက အဲ့ဒီဒကာကြီးနဲ့ တွေ့ရင် ငါတို့ကိုကြည်ညိုတဲ့ ဒကာကြီးလာနေပြီဆိုပြီး အနေ အထိုင်တွေအသွားအလာတွေ ဆင်ခြင်တော့တယ်တဲ့။
ဒီအတိုင်းပါဘဲ ကိုယ်က သာသနာကို တကယ်ကြည်ညိုတယ်ဆိုရင် သာသနာတွင်းမှာနေထိုင်တဲ့ ရဟန်းသံဃာတွေကိုလည်းကြည်ညိုတတ်ရမယ်။ “ဘုန်းကြီးတွေက သူများတွေကိုသာ ဟောပြောနေတာပါ သူတို့ကိုယ်တိုင်ကြတော့ မကျင့်နိုင်ကြပါဘူး” လို့ အပြစ်မြင်သမားတချို့ရဲ့ ပြောတဲ့စကား ။
ကျင့်တာမကျင့်တာ အသာထား လူတွေရဲ့လှူဒါန်းမှုကို လက္ခံရယူထားသော ရဟန်းသံဃာများမှာ တဖန်ဒကာဒကာမများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် တရားဓမ္မများဟောကြား ဆုံးမပေးရမည်မှာ ရဟန်းသံဃာတော်တွေရဲ့ တာဝန်ပင်ဖြစ်ပါသည်။တကယ်တမ်း စဉ်းစားကြည့်လိုက်ရင် ငါ့တို့လူတွေ ခါးဝတ်ပုဆိုးလို မြဲမြန်စွာ စောင့်ထိမ်းရမည့် ငါးပါးသီလလေးပင် စောင့်ထိမ်းဖို့ခက်ရင် ငါးပါးသီလထက် အဆပေါင်းများစွာသာလွန်သော အကျဉ်း (၂၂၇)နှစ်ရာ့နှစ်ဆယ်ခွန်နစ်သွယ်၊အကျယ် ကုဋေကိုးထောင်ကျော်သော သိက္ခာပုဒ်တွေကိုစောင့်ထိမ်းနေသော ပုထုဇဉ်ရဟန်းတွေဟာလည်း သိက္ခာပုဒ် တစ်ပုဒ်တစ်လေ ကျူးလွန်ကောင်း ကျူးလွန်မိမယ် ဆိုတဲ့အတွေးလေးဝင်ပြီး ခွင့်လွတ်တတ်နိုင်ရင် သာသနာကိုစောင့်ထိမ်းတဲ့ ရဟန်းသံဃာတွေကို ပြစ်မှားရာ မရောက်တော့ဘူးပေါ့။
သံဃာတော်တွေကျင့်ဆောင်ရမည့် သိက္ခာပုဒ်တွေဟာလည်း ကုစားလို့ရသောသိက္ခာပုဒ်၊ ကုစားလို့မရဘဲ သာသနာတော်ကနေ လျှောကျနိုင်သောသိက္ခာပုဒ်ဆိုပြီး (၂)မျိုးရှိပါသည်။
သံဃာဒိသိသ် ၊ ပါစိတ် ၊ ဒုက္ကဋ်စသော အာပါတ်ကိုသင့်စေနိုင်သော သိက္ခာပုဒ်များသည် ကုစားလို့ရနိုင်ပြီး၊ ပါရာဇိကလို သိက္ခာပုဒ်ကျတော့ ကုစားလို့မရပဲ သာသနာတော်ကနေ လျှောကျပြီးသားဖြစ်တော့သည်။
ကုစားလို့မရနိုင်သော သိက္ခာပုဒ်(၄)ပုဒ် ဆိုတဲ့
(၁) မေထုနဓမ္မသိက္ခာပဒ-
ရဟန်းတော်များသည် မာတုဂါမများအပေါ်၌ မေထုန်မမှီဝဲကောင်း၊ ယုတ်စွအဆုံး တိရစ္ဆာန်မဖြစ်သော မြွေမ၊ ငါးမ၊ ကြောင်မတို့၌ပင် မေထုန်အမှုကိုမပြုကောင်း၊ တကယ်ပြုကျင်မိပါက ရဟန်းမဟုတ်တော့ပါ။
(၂) အဒိန္နဒါနသိက္ခာပုဒ်-
ရဟန်းတော်များသည် တစ်မတ်တစ်မတ်ထက်တန်သော လူဇာတ်ရှိသောသူ၏ဥစ္စာကို မခိုးကောင်း။ ယုတ်စွအဆုံး မြက်၊ ၀ါးခြမ်းစိပ်မျှပင်မခိုးကောင်း၊ ခိုးမိပါက ရဟန်းမဟုတ်တော့ပါ။
(၃) မနုဿဝိဂ္ဂဟသိက္ခာပုဒ်-
ရဟန်းတော်များသည် လူဇာတ်ရှိသောသူရဲ့ အသက်ကိုမသတ်ကောင်းပါ၊ ယုတ်စွအဆုံး ကိုယ်ဝန်ကျဆေးများ ကိုပင်မပေးကောင်း၊ ၄င်းသိက္ခာပုဒ်ကို ကျူးလွန်မိပါကလည်း ရဟန်းမဟုတ်တော့ပါ။
(၄) ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်-
မိမိမှာ ဈာန်မဂ်ဖိုလ်မရှိပါဘဲ လူအများအထင်ကြီးလာအောင် ဈာန်မဂ်ဖိုလ်တရားတွေ ရရှိပြောသောရဟန်းသည် ရဟန်းမဟုတ်တာ့၊ ယုတ်စွအဆုံး ဆိတ်ငြိမ်ရာအရပ်၌သာပျော်သည်ဟုပင်မပြောကောင်း။
၎င်းသိက္ခာပုဒ်လေးပါးကို ပါရာဇိကသိက္ခာပုဒ် သာသနာတော်မှလျှောကျစေနိုင်သောသိက္ခာပုဒ်များဟု ခေါ်ပါသည်။ ပါရာဇိကသိက္ခာပုဒ်လေးပါးလုံးကို ကျူးလွန်မှ ရဟန်းအဖြစ်ကို ဆုံးရှုံးသည်မဟုတ် သိက္ခာပုဒ် တစ်ခုကို လွန်ကျူးလိုက်သည်နှင့်ပင် ရဟန်းမဟုတ်တော့ပေ၊ ဒီဘ၀မှာလည်း နောက်ထပ်တစ်ဖန် ရဟန်းဝတ်ဖို့ အခွင့်အရေးမရရှိနိုင်တော့ပါ။
ပါရာဇိကသိက္ခာပုဒ်များကို မကျူးလွန်သေးသမျှ ရဟန်းသိက္ခာကိုယ်မှာတည်ပြီး သာကီနွယ်ဘွား ဘုရားသားတော်အစစ် ရဟန်းပင်ဖြစ်သည်။ ထိုရဟန်းသံဃာတော်များကို ကာယကံ၊ ၀စီကံ၊ မနောကံ တစ်ပါးပါးဖြင့်ကျူးလွန်မိလျှင် မျက်မှောက်လောကမှာ အဆင်းရူပကာယ မွဲခြောက်ပိန်လီကာ လူမွှေး လူရောင် မတောက်ပြောင်ဘဲရှိတတ်ခြင်း၊သေလွန်ပြီးတဲ့နောက် နောင်သံသရာများစွာမှာလည်းဘဲ အပါယ်လေးဘုံမှာ ကျရောက်ပြီး ဒုက္ခများစွာကို ခံစားရတတ်ခြင်းတွေ ဖြစ်တတ်ပါတယ်။
အိန္ဒိယနိုင်ငံတွင် ဒုလ္လဘရဟန်း (၄)ရက် ၀တ်သွားပြီး မိမိမြင်တွေ့ခဲ့ရသော အချို့သောရဟန်းတော်များ၏ အပြစ်များကို ပုံကြီးချဲ့ကာ face book စာမျက်နှာမှာ အိန္ဒိယနိုင်ငံရောက် ရဟန်းတော်များ၏ အပြစ်များကို ရေးထား တာတွေ့လိုက်ရ၍ သာသနာအတွက်ရော ရေးသူအတွက်ပါ အတော်လေးစိတ်မကောင်းဖြစ်မိပါသည်။
(၄)ရက်တာ ဒုလ္လဘရဟန်းဝတ်ပြီး စားပြီးအိပ်ကာ နေလိုက်ရုံမျှဖြင့်ပင် သူ့ ကိုယ်သူ တစ်မဂ်တစ်ဖိုလ် ရနေပြီဟု ထင်နေသလားမသိ၊ မိမိတင်လိုက်သည့် စာတစ်ပုဒ်ကြောင့် မိမိအပါဝင် သာသနာတစ်ခုလုံး သိက္ခာကျသွားနိုင်သည်ကို ထိုသူ မတွေးမိဘူးထင်သည်။
လူဆိုတာ ကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူဆိုတာလည်းရှိကြတာပါပဲ၊ ကောင်းကွက်ကလေးကို မြင်ပြီးကြည့်ရှူပါက ခွင့်မလွတ်နိုင်စရာအကြောင်းမရှိပါ။ ကောင်းတာကိုဘေးဖယ်ပြီးမကောင်းတာကိုသာရှာပြီး ရေးသားသွားသောထိုပုဂ္ဂိုလ်သည် အဆိုးမြင်ဝါဒသမားသာဖြစ်နိုင်ပါသည်။ရေးသားထားရာမှာလည်းမှာလည်း အိန္ဒိယသံဃာများကို ထင်ရောင်ထင်မှားဖြစ်အောင် ရေးသားထားသည်ကိုတွေ့ရပါသည်။ အပြုသဘောဟုဆိုသော်လည်း အပြစ်တွေသာရေးသွားသည်။ အပြုသဘောဆိုရင်လည်း ဖုန်းဆက်လို့ပဲဖြစ်ဖြစ်ထိုရဟန်းတွေထံသို့စာရေးလိုပင်ဖြစ်စေ ကျောင်းထိုင်ဆရာတော်ကို ဆုံးမပေးရန် လျှောက်ထား၍ဖြစ်စေ ပြုလုပ်နိုင်ပါသည်။ပုဂ္ဂိုလ်တစ်ပါးကို စော်ကားတာထက် သံဃာအများကို ၀ါးလုံးရှည်ဖြင့်ရမ်းသိမ်းပြီးစော်ကားသွားတာပိုပြီးအပြစ်ကြီးလှပါသည်။
အဆိုဘက်ကကြည့်လျှင် မြင်မြင်သမျှအားလုံးဟာ ဘာတစ်ခုမှ မကောင်းပါဘဲ အားလုံးအဆိုးကိုသာမြင် နေမှာပါ။ သိကြားမင်းကြီး နွားရောင်ဖန်ဆင်းပြတာတောင် ချိုကားတယ် နားရွက်ကုတ်တယ်ဆိုတဲ့လူတောင်ရှိ သေးတာကို၊ ဘယ်အရာဖြစ်ဖြစ် ကောင်းကွက်ကကြည့်ရင် အပြစ်ဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ များသောအားဖြင့် လူတွေဟာ အကောင်းမြင်ဝါဒထက် အဆိုးမြင်ဝါဒတွေသာ များနေသောကြောင့်လူသားအများစုတို့ ဟာတိုးတက်သင့်သလောက်မတိုးတက်ဘဲဖြစ်နေတာပါ။ အပြစ်ကိုထောက်ပြခြင်းထက် အပြစ်ရှာသူတွေသာများလှပါသည်။
မြတ်စွာဘုရားရှင်ကလည်း “အကြင်သူသည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏၊ချီးမွမ်းထိုက်သူကို ကဲ့ရဲ့၏၊ထိုလူမိုက်သည် နှုတ်ဖြင့်အကုသိုလ်အပြစ်ကိုဆည်းပူးစုဆောင်းနေ၏ထိုအကုသိုလ်အပြစ်ကြောင့် ကိုယ်စိတ် နှစ်ဖြာချမ်းသာခြင်းကိုမရနိုင်”ဟုသံယုတ္တနိကာယ်၊သဂါထာဝဂ်၊တုရူဗြဟ္မသုတ်မှာ မိန့်ထားခဲ့ပါသည်။ဗုဒ္ဓသာသနာ့တော်မှာသာသနာတော်ကြီးကိုခုတုံးလုပ်ပြီးချဲဂဏာန်းပေး၊ ဗေဒင်ဟော၊ ဆေးကုခြင်းဖြင့် စီးပွါးရှာနေသော ၀ိသမလောဘသားများရှိသလို ကိုယ့်ဆွမ်းကိုယ်ခံစားပြီး စာချကာ သာသနာပြုနေသော ရဟန်းသံဃာတော်တွေလည်း အများကြီးရှိပါသေးသည်။
ရဟန်းကျင့်ဝတ်တွေဟာ မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက ပညတ်တော်မူသော သိက္ခာပုဒ်များဖြစ်ကြပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတောင် ကျူးလွန်သူတွေ ရှိနေသေးရင် တိုးတက်နေသော ယနေ့ခေတ်ကြီးမှာဆန့်ကျင်ဘက်လောကီအာရုံတွေနှင့် တွေ့မြင်ဆက်ဆံနေရသော ခေတ်သစ်ရဟန်းတွေမှာ ပိုပြီးရှိနိုင်တာပေါ့ ဒီလိုအတွေးမျိုးလေးနဲ့ မြင်တတ်ကြည့်တတ်မယ်ဆိုရင် မိမိမှာ အပြစ်ဖြစ်နိုင်စရာအကြောင်း မရှိတော့ပါ။မြတ်စွာဘုရားရှင်တည်ထားတော်မူခဲ့သော သာသနာတော်ကြီးဟာ ၂၆၀၀ပြည့်သွားခဲ့ပါပြီ။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း သာသနာတော် နှစ်ထောင်ကျော်ရင်ဖြစ်ပျက်နိုင်သောအကြောင်းကို ကောသလအိပ်မက် (၁၆)ချက်မှာ အတိအလင်း ရှင်းလင်းပြတ်သားစွာ ဟောထားပြီးဖြစ်သည်။
ယနေ့ အချိန်အခါမှာ မြန်မာတွေအဖို့ ရဟန်းသံဃာတွေကို ကိုးကွယ်လှူဒါန်းခွင့်ရတာ အင်မတန်မှ ကံကောင်းလှပါသေးသည်။ နောင်တစ်ချိန် သာသနာကွယ်ခါနီးမှာ သင်္ကန်းစလေးလက်မှာပတ်၊ နားမှာစည်းထားသူများကို ရဟန်းသံဃာအဖြစ် ကိုးကွယ်ရမည့်အချိန်ကို ဧကန်မုချ ရောက်ရပါဦးမည်။
မြတ်စွာဘုရားရှင် သာသနာတော်ကြီးအုတ်မြစ်ချခဲ့သော အိန္ဒိယနိုင်ငံကြီးမှာပင် သာသနာကွယ်ခဲ့ခြင်းကို ကြည့်ပြီး ငါ့တို့တတွေဟာလည်း တစ်ယောက်အပြစ် တစ်ယောက်မြင်နေပါက အိန္ဒိယနိုင်ငံကြီးလို သစ်ပင် တော တောင်၊ တိရိစ္ဆာန်၊ ယောက်ျားအင်္ဂါစပ် အစရှိတာကို ကိုးကွယ်ရသော မိစ္ဆာဝါဒီများဖြစ်နိုင်သည်ကို အတွေး ၀င်မိစေချင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရဟန်းတော်များကိုတွေ့ပါက လာလကီးဝါရ(မိန်းမ)ဆိုပြီး လိုက်လိုက် စကြပါသည်။ သူတို့အမြင်မှာတော့ သင်္ကန်းကို တန်ဖိုးထားရမှန်းမသိပါ။ ကုလားမများဝတ်ဆင်သော ဆာရီကဲ့သို့ မှတ်ထင်ပြီး လိုက်စနေကြခြင်းဖြစ်သည်။မိမိရဲ့စကား တစ်ခွန်း စာတစ်ကြောင်းကြောင့် အန္တရာယ်ပေါင်းများစွာနှင့် အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေသော ရဟန်းတော်များကို ကူညီရာမရောက်ဘဲအနှောက်အယှက် ပေးသလိုမဖြစ်စေသင့်ပါဘူး။တစ်ချိန်က စောင့်ရှောက်သူမဲ့သော မြန်မာပိုင်ကျောင်းများ ယခုခါမှာအိန္ဒိယလူမျိုးများပိုင်ဆိုင်နေကြပါပြီ။ထိုအဖြစ်မျိုးမကြုံရအောင် မြန်မာရဟန်းတော်များ လက်ရှိပိုင်ဆိုင်မှုများကို စောင့်ရှောက်နေကြခြင်းဖြစ်ပါသည်။
ဗုဒ္ဓထားခဲသောသာသနာကို စောင့်ထိမ်းသူမရှိရင်သူတော်ကောင်းတရားတွေဟာကွယ်ပျောက်သွား ကြရမှာပါ။ဒါတွေမကွယ်ပျောက်အောင်ရဟန်းသံဃာတွေကထိမ်းသိမ်းစောင့်ရှောက်နေရတာပါ။ သူတော် ကောင်းတရား (ပဉ္စ၀ိဓအန္တရဓာန)ကွယ်ပျောက်ခြင်းငါးပါးကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှာပြဆိုထားပါသည်။“သူတော်ကောင်းတရားငါးပါးကွယ်ပျောက်ပုံ”
(၁) အဓိဂမ အန္တရဓာန-
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါး ဆိုတဲ့ ဤတရားတွေ ကွယ်ပျောက်သွားတာကို အဓိဂမ အန္တရဓာန ဟုခေါ်ပါသည်။
(၂) ပဋိပတ္တိ အန္တရဓာန-
ရဟန်းတော်များကျင့်ကြံရမည့် အကျင့်သီလ၊ လူတွေကျင့်ကြံရမည့် အကျင့်သီလစသည်ဖြင့် အကျင့် ပဋိပတ်သီလတွေကွယ်ပျောက်သွားတာကို ပဋိပတ္တိ အန္တရဓာန လို့ခေါ်ပါသည်။
(၃) လိင်္ဂ အန္တရဓာန-
ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး မှေးမှိန်သွားတဲ့အခါ သင်္ကန်းအရောင် အ၀တ်ကလေးကို လည်ပင်းမှာ ပတ်ထားရုံ၊ ဆံထိုးမှာပတ်ထားရုံမျှ မရှိကြတော့ဘဲ ရဟန်းတော်များရဲ့အသွင်အပြင်ကွယ်ပျောက်၍ သွားတာကိုပင် လိင်္ဂ အန္တရဓာန ဟုခေါ်ဆိုရပါသည်။
(၄) ဓာတု အန္တရဓာန-
မြတ်စွာဘုရားသာသနာ သက်တမ်းကုန်တဲ့အခါ မြတ်စွာဘုရား၏ သရီရဓာတ်တော်များဟာ ဘုရား ဖြစ်တော်မူတဲ့ ဗောဓိမဏ္ဍိုင်မှာ စုရုံးပြီးလျှင် တေဇောဓာတ်တွေလောင်ကျွမ်းလျက် ဓာတုပရိနိဗ္ဗာန်စံတော်မူပြီးသကလ ဓာတ်တော်အားလုံး ကွယ်ပျောက်သွားတာကိုပင် ဓာတု အန္တရဓာန ဟုခေါ်ဆိုရပါသည်။
(၅) ပရိယတ္တိ အန္တရဓာန-
ပရိယတ်တရားများ ကွယ်ပျောက်သွားတာကိုပင် ပရိယတ္တိ အန္တရဓာန ဟုခေါ်ရပါသည်။ စောင့်ထိမ်းသူ စောင့်ရှောက်သူမရှိတဲ့တနေ့ သာသနာတော်ကြီးဟာကွယ်ပျောက်သွားရပါလိမ့်မည်။ သာသနာတော်ကြီး မကွယ်ပျောက်ရအောင်စောင့်ထိမ်းနေကြသော ရဟန်းတော်များမှာ တာဝန်ရှိသလို ဒါယကာ ဒါယိကာမတွေမှာလည်း တာဝန်ရှိပါသည်။
အပြစ်တွေသာ လိုက်မြင်နေကြမယ်ဆိုရင် အတွေးလေးတစ်ချက်ဝင်လိုက်ပါ ငါကိုယ်တိုင်ကတောင် ကောင်းလို့လား၊ ငါတောင်လူတွေစောင့်ထိမ်းရမည့် ငါးပါးသီလတောင်မလုံနိုင်သေးတာ၊ ကိုးကွယ်ရမည့်တာဝန်က ငါတို့တာဝန် သူအပြစ်လုပ်တာက သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ်ဆိုတဲ့ အတွေးလေးဝင်ပြီး အကောင်းမြင်ဝါဒကနေ ကြည့်လိုက်ပါက မိမိမှာအပြစ်ဖြစ်စရာအကြောင်းမရှိတော့ပေ။
“တကယ်ချစ်ရင်”မိမိကိုယ်ကိုချစ်တယ်ဆိုရင် ဘယ်လိုချစ်ရမည်။ အရွယ်သုံးပါး တစ်ပါးပါးမှာ တရားရအောင်ကျင့်ကြံရမည်။ မိမိ ကိုယ်ကို ချစ်တယ်ဆိုရင် ဒီလိုချစ်ရမည်။ မိမိကိုးကွယ်ဆည်းကပ်သော သာသနာကို ဘယ်လိုချစ်ရမည်။ မိမိအတွက်ကြောင့် ဂုဏ်မပျက်စေရ ဂုဏ်သာတက်စေရမည်။ မိမိကိုးကွယ်ဆည်းကပ်သော သာသနာကို ဒီလိုချစ်ရမည်။(မုံရွာပဇ္ဇောတာရုံဆရာတော်)ဒါကြောင့်သာသနာတွင်းမှာ နေထိုင်ကြကုန်သော ပုဂ္ဂိုလ်တို့သည်လည်း မိမိအတွက်ကြောင့် ဂုဏ်မတက်စေနိုင်တောင်မှ၊မိမိအတွက်ကြောင့် ဂုဏ်မပျက်အောင်နေထိုင်နိုင်တယ်ဆိုရင် မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးကို ချစ်ရာရောက်ပါတော့သည်။
(ကိုယ်က မကြည်ညိုနိုင်သော်နေ သံဃာ့ကံကြီးကိုမပြစ်မှားမိစေနဲ့)
အပြုသဘောဖြင့်
နန္ဒလျန်(မိုးညှင်း)(4/6/2012)

Saturday, April 28, 2012

တရားအားထုတ်ခြင်းဟူသည်..

စိတ်၏အလုပ်ဖြစ်သည့်ကမ္မဋ္ဌာန်းခေါ် (Meditation)အားထုတ်ရာတွင် စိတ်ကိုအာရုံတစ်ခုတွင် တည်ငြိမ်စေ
ရန်စတင်လေ့ကျင့်ရသည်။ ဤသည်ကို ယနေ့ခေတ်တွင်
တရားအားထုတ်ခြင်းဟုခေါ်ကြသည်။အမှန်မှာစိတ်ကိုဂနာငြိမ်စေရန် ထိန်းသိမ်းခြင်း၊ စိတ်ကိုသူ့သဘာဝအတိုင်းလွှတ်မထားခြင်း (Control of mind)
သာဖြစ်သည်။ အတွင်းသိစိတ်ဖြင့် အပြင်သိစိတ်ကို ထိန်းသိမ်းခြင်းသာဖြစ်သည်။ အပြင်သိစိတ်(ပဉ္စ၀ိညာဏ)များသည် ပြင်ပအာရုံများရှိရာသို့ ခန္ဓာကိုယ်ပြူတင်းပေါက်(ဒွါရ)များမှ ထွက်၍ သွားလေ့ရှိပါသည်။အပြင်သိစိတ်များက အာရုံရှိရာထွက်သွားသကဲ့သို့ အတွင်းသိစိတ်(မနောဝိညာဏ)များကလည်း အာရုံများ
ကိုဆွဲခေါ်လေ့ရှိ၏။ ဤသည်မှာ ၀ိညာဏစိတ်များ၏ အပြန်အလှန်အာရုံနှင့် ပလူးတတ်သည့်သဘာဝများဖြစ်သည်။ ထို့ကြောင့်မျက်စိကိုပိတ် ဆိတ်ငြိမ်ရာမှာ တရားအားထုတ်ကြရသည်။ အကြောင်းမူမျက်စိကိုပိတ်
ထားခြင်းဖြင့် မျက်စိရှေ့ရောက်လာသည့် အာရုံအဆင်းမြင်ကွင်းကို တားမြစ်လိုက်သည်။ ဆိတ်ငြိမ်ရာရှာရခြင်းမှာမူ မိမိတို့တရားအားထုတ်သည့်နည်းများသည် ဘုရားအလောင်းသိဒ္ဓတ္ထ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ အားထုတ်စဉ်ကလို မိမိလက်ဖြင့် နားမျက်စိ၊ နှာခေါင်းပေါက်တို့ကို ပိတ်၍ကျင့်သည်မဟုတ်ကြပါ။
(သို့) ဟိန္ဒူယောဂကျင့်စဉ်ကဲ့သို့လက်မနှစ်ခုဖြင့် နားနှစ်ဘက်။ လက်ညိုး ၊လက်ခလယ်လေးခုဖြင့် မျက်စိနှစ်လုံး။ လက်သူကြွယ်နှစ်ခုဖြင့် နှာခေါင်းနှစ်ပေါက်ကိုပိတ်၍ ပါးစပ်နှစ်ခုကို ခပ်တင်းတင်း လေမထွက်စေနိုင်
အောင် စေ့ထားကာကျင့်ကြသည်မဟုတ်ပါ။ မျက်စိနှစ်ဘက်ကိုသာ လက်မပါအလိုအလျောက် သာမန်စိတ်အဖြင့်ပိတ်ထားကာ နားနှာခေါင်းကိုမူ ဖွင့်ထားကြသည်။ အကယ်၍ဆူညံသည့်နေရာတွင် အားထုတ်ပါက ဖွင့်ထားသည့်နားမှ အသံများဝင်ရောက်လာသဖြင့် ကြားသိစိတ်ဖြစ်စဉ်များ ပေါ်ပေါက်လာကာ အတွင်းသိစိတ်က မထိန်းသိမ်းနိုင်တော့ဘဲ အပြင်သိစိတ်နောက်သို့ စိတ်ရေစီးကြောင်း(The current of Mind)အတိုင်း စီးဆင်းလိုက်ပါလျှက် ထားသည့်နေရာတွင် စိတ်ကမနေတော့သဖြင့် တည်ငြိမ်မှု(Concentrate)ပျက်ကာ သတိလက်လွှတ်ဖြစ်ရလေသည်။ သမာဓိ(Concentration)မဖြစ်နိုင်ဟု
ဆိုရမည်ဖြစ်သည်။ ထို့ကြောင့်ဆိတ်ငြိမ်ရာသည်လည်း တရားအားထုတ်ရာတွင် လိုအပ်သည့်အချက်ဖြစ်သည်။ အဓိကမှာစိတ်ကို ပြင်ပအာရုံများသို့ မလိုက်စေဘဲ ထားရာအာရုံတစ်ခုတည်းတွင်သာ နေစေရန်လေ့ကျင့်ရမည်ဖြစ်သည်။ ထားရာအာရုံသည် ပြင်ပအာရုံ(External Sense)ဖြစ်လျှင် သမထလမ်း(Concentration Method)ဟု ဆိုရမည်။ ဤသည်မှာ ရိုးရာကမ္မဋ္ဌာန်းလမ်းစဉ်ဖြစ်သည်။ဗုဒ္ဓမပွင့်ပေါ်မီ(သို့) သတ္တ၀ါစဖြစ်စဉ်မှစ၍ ရှိခဲ့သဖြင့် ရိုးရာကမ္မဋ္ဌာန်းဟုခေါ်လိုက်ခြင်းဖြစ်သည်။
အနိမ့်ဆုံးအဆင့် စိတ်မငြိမ်သက်ဖြစ်နေလျှင် ဘ၀င်မကျနိုင်သဖြင့် အိပ်လို့မပျော်နိုင်ပေ။ အိပ်ပျော်ရန်မှာ စိတ်ငြိမ်ဖို့လိုပေသည်။ ယင်းသည်ပင်လျှင်ရိုးရာကမ္မဋ္ဌာန်းဖြစ်တော့သည်။ ထို့ကြောင့်စိတ်ငြိမ်ရုံမျှ လုပ်သည့်ကမ္မဋ္ဌာန်းမှန်သမျှသည် သမထသာရှိသေးသည်။ ပြင်ပအာရုံကိုမယူဘဲ အတွင်းအာရုံ (Internal Sense)ဟုခေါ်နိုင်သည့် ကိုယ့်ခန္ဓာကိုယ်အတွင်း ရုပ်ကိုဖြစ်စေ၊ နာမ်ကိုဖြစ်စေ စိတ်ငြိမ်ရုံမျှ ရှုကြည့်နေလျှင်လည်း
သမာဓိသမထပင်ဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံတွင်ဗုဒ္ဓပွင့်ပေါ်ရာနေရာများ လူစည်ကားလာသဖြင့် ဗုဒ္ဓတရားသည်လည်း အရှိန်တက် လူများစိတ်ဝင်စားမှုများလား၍ ၀ိပဿနာအမည်ခံကာ ဟိန္ဒူယောဂများရောထွေးယှက်တင်ဟောပြောပြသကာ ဗုဒ္ဓ၏၀ိပဿနာယောင်ယောင် ပြနေကြသည့်ဆရာများလည်းပေါ်ပေါက်နေသည်။ ဟိန္ဒူအတ္တ၀ါဒသည် မည်သည့်အခါကမှ အရှုံးမပေး၊ တနည်းနည်းဖြင့် အနိုင်ယူခဲ့သည့်အ
စဉ်အလာရှိသည်ကို ထေရ၀ါဒဗုဒ္ဓ၀ါဒီများ အထူးမမေ့အပ်သည့်အချက်ဖြစ်သည်။ ဟိန္ဒူဝါဒသည် အကြမ်းဖက်အနိုင်ယူမရလျှင် အနုနည်းဖြင့်အမြဲတမ်းပူးသတ်ခဲ့သည့် သမိုင်းအစဉ်အလာရှိသည်။ထိုကြောင့်မဟာယာနမြောက်ပိုင်းဗုဒ္ဓဘာသာဟူ၍ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။သမာဓိလုပ်ငန်းအစဉ်အလာ
သည်လည်း ဟိန္ဒူဘာသာတွင်အဓိကအချက်ဖြစ်သည်။ သမထကြောင့်ရသည့်တန်ခိုးစွမ်းရည် (Psychic
Power)များသည် ယင်းတို့ဘာသာ၏ အထွဋ်အမြတ်ထားကြသည့်အရာဖြစ်သည်။ တန်ခိုး(Miracle)များရ
လျှင်(Sant)သန္တငြိမ်သက်သူ ရဟန္တာအဖြစ်သတ်မှတ်ကြသည်။ အခြားဘာသာများကလည်း (Psychic Power & mircle)တန်ခိုးများ ရလျှင်ပင် (Saint) ရဟန္တာဂိုဏ်းဝင် ဖြစ်သည်ဟုပင်သတ်မှတ်ကြပါသည်။
လောလောဆယ်ဆယ်လူတိုင်းသိကြသည့် မာသာထရီဆာ( ကာလကတ္တားမှ ခရစ်ယာန် သီလာရှင်ဆရာမကြီး) သည် လွန်ခဲ့သည့် 1997 ခုနှစ်က သေဆုံးခဲ့သည်။ 1998 ခုနှစ်တွင်သူ့ဓာတ်ပုံပါသည့်လော့ကတ်များကိုဝတ်ဆင်ကြသူများသည်ရောဂါများပျောက်ကင်းကြသည်ဟုဆိုသည်။
ထို့ကြောင့်ယင်းတို့အဖွဲ့ခေါင်းဆောင်ကပုတ်ရဟန်းမင်းကြီးထံစိန့်(Saint)ခရိယာန်ရဟန္တာဘွဲ့ပေးရန်
တောင်းဆိုကြောင်း သတင်းများမှာကြည့်ရှုရသည်။ ထေရ၀ါဒဗုဒ္ဓဘာသာတွင် (Psychic power)တန်ခိုးရသည် မရသည်၊ (Mircles)တန်ခိုးကြီးသည်မကြီးသည်မှာ အဓိကမဟုတ်။ ဗုဒ္ဓကတန်ခိုးပြခြင်းကိုပင် ပိတ်ပင်ခဲ့သေးသည် မဟုတ်ပါလား။ သို့သော်ထေရ၀ါဒ ဗုဒ္ဓ၀ါဒီတို့သည်လည်း အတ္တကို ဗုဒ္ဓ၀ါဒ(မြန်မာ့ရိုးရာ)အရ ဖြုတ်နေကြသော်လည်း အတွင်းစိတ်တွင်မူ အတ္တကကင်ဆာရောဂါအဖြစ် အမြစ်တွယ်နေကြသည်မှာ ကြာပြီဖြစ်၍ အနတ္တနောက်သို့မလိုက်နိုင်သေးဘဲတန်ခိုးများနောက်ကောက်ကောက်ပါတုန်းပင်ရှိကြောင်း
တွေ့ရသည်။ရိုးရာ(သီလဗ္ဗတုပါဒါန်)အလေ့စွဲ၊အကျင့်စွဲဓလေ့ထုံးစံများကိုအမှား(သီလဗ္ဗတပရာမာသ)
အဖြစ်မမြင်နိုင် မပယ်နိုင်ဖြစ်နေကြသည်။ ဤသို့သောထေရ၀ါဒီလူတကာများကြားတွင် တိတ္တယပက္ကန္တက
ရဟန်းများစားသာ ကြွားသာကာ စားဝတ်နေရေး အထက်တန်းကျစွာ နေနိုင် စားနိုင်၊ သွားနိုင် ကြွားနိုင်
သည့်(Boastful power) တန်ခိုးများဖြင့် ဘုန်းကြီးကုန်ကြသည်။ ဤသို့ဖြင့် ရိုးရာကမ္မဋ္ဌာန်းမှမလွှတ်နိုင်ဘဲ(Peace of mind or the power with pride) စိတ်ချမ်းသာရရုံမျှဖြင့် ကျေနပ်နေကြသည်။ဗုဒ္ဓ၏အဓိကကမ္မဋ္ဌာန်းသည် ၀ိပဿနာ(ရိုးရာလွန်)ကမ္မဋ္ဌာန်းဖြစ်သည်။ ဗုဒ္ဓသည်ရိုးရာမှန်သမျှ ဖဲခွာစွန့်လွှတ်ခဲ့သူဖြစ်
သည်။ သတ္တလောကတွင် ပညာရှိနှင့်သူတော်ကောင်း အခေါ်ခံရသူတို့နောက်သို့ လိုက်သူမဟုတ်။မည်သည့် ပညာရှိ သူတော်ကောင်းဆိုသူတို့မှ မထုတ်ဖော်နိုင်သည့်တရားတော်ကို ထုတ်ဖော်နိုင်သူ
(Discovere)ဖြစ်သည်။ သူထုတ်ဖော်သည့်တရားသည် ဖြူစင် သန့်ရှင်း အညစ်ကြေးကင်းစင်သည့်(Noble)အရိယာတရားဖြစ်သည်။ ဗုဒ္ဓသည် သူထုတ်နိုင်သည့်တရားတော်ကို ဟောပြကြေညာရာတွင်
ဘယ်သူ့မျက်နှာကိုမှမငဲ့၊ သူ့အကြောင်းကိုပင် မငဲ့၊ တည့်တည့်မတ်မတ် ရှင်းလင်းဟောပြခဲ့သည်။ဤသို့သောတရားစကားမျိုးကို နားလည်လိုက်မီနိုင်အောင် မွေးရာပါဗီဇစိတ်(ခေါ်)ပဋိသန္ဓေ+ ဘ၀င်စိတ်တို့တွင် ဥာဏ်(ခေါ်)(Genesis –Knowledge or IQ )မြင့်မားစွာ ပါရှိဖို့လိုသည်။ ဗုဒ္ဓဘာသာ၏အဓိကအချက်မှာ နေရာတကာဥာဏ်ကို အသုံးချခိုင်းခြင်းဖြစ်သည်။ ဥာဏ်ကိုအသုံးချခိုင်းသော်လည်း ကြိုးစားမှု(Effort or Energy) ၀ီရိယနှင့် လုပ်ငန်းအပေါ် မျက်ခြည်မပြတ်မှု(Mindfulness)သတိတို့ကို အမြဲတမ်းမှတ်မိနေရန် သညာ(Perception or Memory)ရှိနေဖို့လိုပါသည်။ မကြိုးစားဘဲအပျင်းထူနေသူကို ဗုဒ္ဓက မကြိုက်ရုံမျှမက အပြစ်ပင်တင်သေးသည်။ ထို့ကြောင့်သတိ(Mindfulness)နှင့် ၀ီရိယ(Energy)ကို ဥာဏ်(
Knowledge)နှင့် ထိန်းကွပ်ထားပြီး မှတ်ဥာဏ်(Memory)အားကောင်းရေးသည် ဗုဒ္ဓဘာသာဝင်တို့လိုက်နာရမည့်အဓိကအလုပ်ဖြစ်သည်။ ထို့ကြောင့် ၀ိပဿနာတရားကို သတ္တလောက၏ အစဉ်အလာရိုးရာ (Tradition) ကို ပယ်ဖျက်နိုင်သည်။ ရိုးရာတံတိုင်းကိုထိုးဖောက်ကျော်လွန်နိုင်သည့် ပဋိဝေဓ( Penetration)ရိုးရာလွန်ကမ္မဋ္ဌာန်း ဖြစ်ကြောင်းဆိုခြင်းဖြစ်သည်။ ၀ိပဿနာဟူသည် ၀ိ+ပဿနာ= အထူး+မြင်ခြင်၊ကြည့်ခြင်းဟု အဓိပ်ပါယ်ရသည်။ အထူးဆိုသည်ကို အထူးထူး အခြားခြား၊ အထူထူး အပြာပြား၊ ကွဲကွဲပြားပြား၊ သေသေချာချာ စေ့စေ့စပ်စပ် ဟုအဓိပ္ပါယ်ဖော်လျှင် ၀ိ =ဟူသည် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း(Analysis) ဖြစ်လာသည်။ ၀ိပဿနာကို ကြည့်ခြင်း၊ မြင်ခြင်း အဓိပ္ပါယ်ဖော်လျှင် ကြည့်မြင်၊ တွေ့မြင်၊ ရှုမြင် သိမြင်၊ တွေးမြင် ဟု မြင်ဆိုသည့်စကား၏ဒီဂရီကွာခြားပုံကို
နားလည်လာမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် (Insight)ဟု ပြန်လေ့ရှိကြရာ ယင်းကိုလေ့လာလျှင်လည်း IN= အတွင်း အထဲ၊ Sight= မြင်ခြင်းကြည့်ခြင်း ပင်ဖြစ်သည်။ သတ္တ၀ါတိုင်း ကြည့်ပါ မြင်ပါဆိုလျှင် ကိုယ့်ကိုယ်ကိုကြည့်ဖို့ထက် ပြင်ပကိုသာကြည့်လေ့ရှိသည်မှာ ထုံးစံဖြစ်သည်။ ထို့ကြောင့်အတွင့်ဖောက်၍ ကိုယ့်ကိုယ်ကိုမြင်နိုင်သည့်အမြင်ကို (Insight)ဟုဆိုသည်။ သို့ဖြင့် ၀ိပဿနာဆိုသည့်ုစကားကပင် ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရှုခြင်း (Self Analitical View
Or Self Investigation or Self Analysis) ဆိုသည့်သဘော ဆောင်သည်ကိုတွေ့ရမည်။
(မြန်မာဆေးဝင်္ဂဘာကျောင်းဆရာတော် ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိ Looking Right View for စာအုပ်မှထုတ်နုတ်တင်ပြပါသည်။)




Wednesday, April 11, 2012

သင်္ကြန်အကြောင်းသိကောင်းစရာများ.....

သီချင်းတွေလဲ ကြားဘူးပါသည်၊ သင်္ကြန်တွေမှာလဲ ပျော်ခဲ့ဘူးပါသည်၊ဒါပေမဲ့ သူများက ‘သင်္ကြန်’ပြောလို့ ပြောနေရတယ်။တကယ်တော့ သင်္ကြန်ရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့တာ အမှန်ပါ။ ငယ်ရွယ်သူတွေက သိလိုရေး နှင့် ဖွင့်မေးလာသည့် အခါမှာတောင်..မှ ဖြေစရာ မရှိခဲ့ချေ.. ဒါနဲ့ပဲ စာပေမှာ ဖွေရှာလေ့လာ ကြည့်မိသောအခါ သင်္ကြန်ဆိုတာကို ဒီလို နားလည်ခဲ့ရပါသည် ။သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏နှစ်သစ်ကိုကြိုဆိုသည့်အနေအားဖြင့်ကျင်းပသည့်ပွဲတော်တခုဖြစ်သည်။"ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ'
သင်္ကြန္တ"တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါ၏ ။သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ် 
                      သင်္ကြန်အကျဉ်း ဆိုလိုရင်း 
အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။ ဒီိတော့ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။ 
                      သင်္ကြန် အကျယ် သိမှတ်ဖွယ် 
သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ် ။ ဒါကြောင့် အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ် ။ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့အဿဝနီ နက္ခတ် ပထမပတ်သို့ စတင် ၀င်ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည် ၀င်ရောက်စအချိန်ကိုရာသီတခုမှ ရာသီတခုသို့ ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။
                         စူဠ မဟာ သင်္ကြန်အခါ 
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်ဒါပေမဲ့ ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့် နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟုလည်းကောင်း အလေး အမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲ ကျင်းပ ကြပါတယ် ။ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ်အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံ များနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ်သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ် 
                         သင်္ကြန် ကြို..အကျ ...အယူ အဆ 
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။ သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆိုသော နေ့ကိုတော့ "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။ 
                     သင်္ကြန်ကျရက် ဤသို့တွက် 
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ပင် ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။
                              သင်္ကြန်ပုံပြင် ဖတ်လိုလျှင်
တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။ထို့နောက် ရှုံးတဲ့သူ က ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်းမှာ စဉ်းစားမိသည်မှာ......။ မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြဗြဟ္မာဦးခေါင်းကိုကိုင်ထားထားရန်တာဝန်အပ်နှံပေးထားလိုက်ပါတော့
သတဲ့ ။ထို နတ်သမီးတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက်ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်ကရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက် မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။သင်္ကြန်အစ၏ကြေကွဲစရာမှတ်တမ်းလေးတစ်ခုဟုသာဆိုပါရစေ 
                               ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ 
ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော် ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင် ရုဒံ- ငိုကြွေးခြင်းကိုသော်လည်းကောင်း၊ မေထုနဉ္စ-မေထုံမှီဝဲခြင်းကိုသော် လည်းကောင်း၊ မံသံ -ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော်လည်းကောင်း၊ သူရ-သေရည်သေရက်သောက်ခြင်း ကို သော်လည်းကောင်း၊ကောဓောစ -အမျက်ထွက်ခြင်းကိုသော်လည်း ကောင်း၊ ရုဓံ- သွေးထုတ်ခြင်းကို သော်လည်းကောင်း၊ တေလိကံ- ဆေးဆီလိမ်းခြင်းကိုသော်လည်း ကောင်း၊ နကေရ-မပြုရာ၊ မရောင်း အပ်။ဣမာနိဒသ ကမ္မာနိ- ဤသို့ ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ -သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။ မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမ
 (၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။

(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။

(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်

ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင် မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်သားရပါတယ်

ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊လူလိုစင် ထား၊မြင်းမိုရ်ဖျားဝယ်၊ သိကြားသော် မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန် အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။သင်္ကြန်အတွင်းမှာ မကောင်းသော အပြု အမူ အပြောအဆို အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။

                            သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲ နေတာကို တွေ့ရပါမယ် ။

"အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။
ယင်းအလို အားဖြင့် "အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်
                         အတာရက်ကို ဤသို့ဆို
"အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။ဒါကိုပင် အတာစားသည် ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထားတာတွေ လေ့လာ ဖတ်ရှု့ရပါတယ်အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..

                            အတာအိုး အတာပန်း .....
အတာအိုးကို သင်္ကြန်ကိုစောင့်ကြိုသည့်အနေဖြင့်သင်္ကြန်မကျခင်ကြိုတင်ပြင်ဆင်ရသည်။
(၇) ရက်သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ် စေ ရေပြည့်အိုးမှာ ထည့်ကြလေ့ ရှိပါတယ် ။
စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ် .။ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ် ။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေးကြရသည်။အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။
(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။ ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြပါတယ် ။
ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါ အတိုင်း ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်
"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊ လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။ သတသဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်
နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်း လဲ ခြင်းလို့ နားလည်ခဲ့ရပါပီ .. ဒီ ပြောင်းလဲ ခြင်းဟာ ဘယ်တော့မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင် ကျင်လည်ခဲ့ရအုံးမယ်ဆိုရင်ဖြင့် နိမ့်တုံတခါ မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော်ရုံနဲ့ အဆုံးမသတ်နိုင်တော့ဘူးလို့ တွေးမိပါတယ်..
လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကိုသိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကို သာ မိမိနဲ့ တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်
ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့ တစ်နေရာတည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့ ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ ..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည် စသည် ဖြင့် ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ အထိ ပြောင်းရွှေ့ရအုံးမယ်သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား ...တန်ဖိုးကြီးပြီး မြင့်မြတ်သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား
ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့တွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်တွေကို နှစ်ခဲ့ ကြပါစို့လား ...နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ
မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ ။
ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)


Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488