ရေရှည်တည့်တံ့မည့် ဖွံ့ဖြိုးရေးဟူသည် စီးပွားရေးဖွံ့ဖြိုးမှု၏အကျိုးကျေးဇူးကို လူတိုင်း ကျုယ်ကျယ်ပြန့်ပြန့် မျှဝေခံစားခွင့်ရမည်။ တချိန်တည်းတွင် ကမ္ဘာကြီး၏ အရေးကြီးသော အရင်းအမြစ်တွေကိုလည်း အကာအကွယ်ပေးထားနိုင်ရမည်။ သို့တစေ လက်ရှိကမ္ဘာကြီး၏ စီးပွားရေးသည် အရှည်တည်တံ့မည်ပုံမရ။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေလင့်ကစား လူဦးရေသန်းတထောင်မှာ ဆင်းရဲတွင်းထဲတွင် အဆက်ပြတ်ကျန်နေသည်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်လည်း လူသားတို့၏ပရောဂကြောင့် ဆိုးဆိုးရွားရွားပျက်စီးနေသည်။ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးအတွက် နည်းပညာသစ်တွေ လိုအပ်နေသည်။ အများလက်ခံထားသည့် လူမှုတန်ဖိုးသဘောတရားတွေက ပဲ့ကိုင်ပေးသည့် နည်းပညာသစ်မျိုးဖြစ်ရန်တော့ လိုသည်။
ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးသည် ကမ္ဘာ့အရေးအရာများတွင် ထိပ်ဆုံးဦးစားပေးကိစ္စဟု ကြေညာသည်၊ အလွန်မှန်ကန်သည့် လုပ်ရပ်ပင်။ ကျွန်ုပ်တို့ ကမ္ဘာကြီးသည် အလွန်အန္တရာယ်များသည့် ကာလဆီကို ချဉ်းနင်းဝင် ရောက်နေသည်။ မတန်တဆလူဦးရေပေါ်တွင် နောက်ထပ်တိုးမြဲတိုးဆဲ။ စီးပွားရေး အလျင်အမြန် တိုးတက်မှုနှင့်အတူ ကမ္ဘာ့ရာသီဥတုတွင် ကပ်ဘေးကျရောက်နိုင်လောက်သော အကြောင်းတရားများကလည်း ရှိနေသည်။ ဇီဝမျိုးစုံလောကနှင့် ရေကောင်းရေသန့်ရရှိရေး တို့တွင် ခြိမ်းခြောက်မှုများရှိလာသည်။
သိပ္ပံပညာရပ်နယ်ပယ်တွင် Anthropocene ဆိုသော စကားရပ်တခု တိုးလာသည်။ ကမ္ဘာကြီး၏ ရုပ်ပိုင်းနှင့် ဇီဝအပြောင်းအလဲတွင် လူသားတို့၏ လုပ်ရပ်သည် အဓိက အကြောင်းတရားဆိုသည့် အဓိပ္ပါယ်ပင်။
ကုလသမဂအထွေထွေအတွင်းရေးမှူး၏ ကမ္ဘာ့ကြီး အဓွန့်ရှည်စေရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာသစ်သည် ရေရှည်တည့်တံ့သည့် ဖွံ့ဖြိုးရေးအတွက် လမ်းညွန်ချက်ပင်။ ရေရှည် တည့်တံ့သည့် ဖွံ့ဖြိုးရေးအတွက် အဓိက မဏ္ဍိုင်ကြီး ၃ ရပ်ရှိသည့်ကို မှန်မှန်ကန်ကန် ထောက်ပြထားသည်။
၁၊ အလွန်အမင်း ဆင်းရဲမွဲတေမှုအဆုံးသတ်ရေး
၂၊ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေး၊ (အမျိုးသမီး၊ လူငယ်၊ လူနည်းစု)
၃၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေး - ရည်မှန်းချက်တွေ ပါဝင်သည်။
ပြန်ချုပ်လျှင် ရေရှည်တည့်တံ့သည့် ဖွံ့ဖြိုးရေးအတွင် စီးပွားရေး မဏ္ဍိုင်၊ လူမှုရေးမဏ္ဍိုင်၊ သဘာဝပတ်ဝန်းကျင်မဏ္ဍိုင်ဟူ၍ ဆိုနိုင်မည်။ ရေရှည်တည့်တံ့သည့် ဖွံ့ဖြိုးရေး၏ အခြေခံ အုတ်မြစ်သုံးရပ် (Triple Bottom Line) ဟု ရိုးရိုး ဆိုကြပါစို့။
ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်သော အဆိုပါအဖွဲ့က ကမ္ဘာ့ ခေါင်းဆောင်တွေကို ၂၀၁၅ ကို ရည်မှန်းချက်ထားသည့် ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်ကို လည်း အထောက်အပံ့ဖြစ်စေ၊ အရှည်တည့်တံ့မည့် ဖွံ့ဖြိုးရေးရည်မှန်းချက် အတွက်လည်းဖြစ်စေမည့် အစီအစဉ်သစ်တရပ် (SDG) ရေးဆွဲကြဖို့ ဆော်သြသည်။
ထောင်စုနှစ်ဖွံ့ဖြိုးရေး ပန်းတိုင်၏ မူလရည်မှန်းချက်က အလွန်အမင်း ဆင်ရဲမွဲတေမှုကို လျှော့ချနိုင်ရေး ဖြစ်လင့်ကစား အထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်သောအဖွဲ့က အလွန်အမင်း ဆင်းရဲမှု လျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးမှုအကျိုးကျေးဇူးကို လူမှုအသိုက်အမြုံတခုလုံးက ခံစားခွင့်ရရေး၊ ကမ္ဘာ့ကြီးကို ကာကွယ်ရေးဆိုသည့် အရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးမဏ္ဍိုင်ကြီးသုံးရပ်ကို မျက်ခြေမပျက်ပေ။
ရေရှည်တည့်တံမည့် ဖွံ့ဖြိုးရေး ရည်မှန်းချက် SDG ထားရှိရေးက တပိုင်း၊ ရည်မှန်းချက် အောင်မြင်ရေးက နောက်တပိုင်းဟုဆိုရမည်။ အရေးအကြီးဆုံးစိန်ခေါ်မှုဖြစ်သည့် ရာသီဥတု ပြောင်းလဲလာမှုပြဿနာကို ကြည့်ကြရအောင်။ ယနေ့ ကမ္ဘာမှာ လူဦးရေ သန်းပေါင်း ၇ ထောင်ရှိနေသည်။ တဦးချင်း၏ တနှစ်အတွင်း လေထုသို့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့် ပမာဏမှာ ၄ တန် စွန်းစွန်းရှိနေသည်။
ကျောက်မီးသွေးလောင်စာ၊ လျှပ်စစ်ဓာတ်အားအတွက် အသုံးပြုရသည် လောင်စာဓာတ်ငွေ့၊ ကားအတွက် အသုံးပြုသည့် လောင်စာ၊ အိမ်ကို အနွေးပေးရာတွင် အသုံးပြုသည့် လောင်စာ၊ စသဖြင့် အကျုံးဝင်ပါသည်။ အားလုံးခြုံ လိုက်လျှင် လူသားတွေက လေထုထဲကို တနှစ်အတွင်းထုတ်လွှင့်သော ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ အကြမ်းဖျင်း တန်ချိန် ၃၀ ဘီလီယံရှိသည်။ ကမ္ဘာကြီး၏ ရာသီဥတုကို ဆယ်စုတချို့အတွင်း သိသိသာသာပြောင်းလဲသွားနိုင်သည့် ပမာဏပင်။
သို့နှင့် လာမည့် ၂၀၅၀ အရောက်တွင် ကမ္ဘာ့လူဦးရေသည် သန်း ၉ ထောင်ရှိလာဖွယ်ရှိသည်။ အကယ်၍ ၂၀၅၀ က လူတွေက ယနေ့ခေတ်က ပိုချမ်းသာလာလျှင် (တဦးချင်း စွမ်းအင် အသုံးပြုမှု ပိုလာလျှင်) တကမ္ဘာလုံးက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုမှာ နှစ်ဆမှ ၃ ဆအထိ တက်သွားနိုင်သည်။ အမှန်တကယ် ကမ္ဘာကြီး၏ လိုအပ်ချက်က ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုလျှော့ချနိုင်ရေး၊ အမှတ်တကယ် ဦးတည်နေသည်က ပိုဆိုးလာမည့် လမ်းကြောင်း။ အလွန်ဂွကျသည့် ပြသနာပင်။
ထိုအခင်းအကျင်းကို အလေးအနက်ထားရမည်။ လူထောင်ပေါင်းများစွာ ဒုက္ခတွေ့ နိုင်သောကြောင့်ပင်။ ကမ္ဘာလုံးချီ ကာဗွန်ထုတ်လွှင့်မှုတိုးလာလျှင် မိုးခေါင်မှုတွေ၊ အပူလှိုင်း၊ ဟာရီကိန်း စသဖြင့် သဘာဝဘေးတွေက သေချာသလောက်ပင်။ ယခုနှစ်အတွင်းမှာပင် ဒုဗိကန္တယဘေး၊ ရေကြီးရေလျှံနှင့် အခြားရာသီဥတုနှင့် ဆိုင်သည့် ဘေးပေါင်းစုံနှင့် စိတ်ပျက်ရ လောက်အောင် ကြုံနေရပြီလေ။
ထို့ကြောင့် အထူးသဖြင့် ဆင်းရဲသားတွေအတွက် လျှပ်စစ်ဓာတ်အားနှင့် ခေတ်မီသော သယ်ယူ ပို့ဆောင်ရေးတို့မှ အကျိုးကျေးဇူးလည်းခံစားရစေ။ ကမ္ဘာကြီးကိုလည်း အပျက်မစီး ကယ်တင်ရာ ရောက်အောင် နည်းလမ်းတွေကို ရှာဖွေရတော့မည်။ သေချာသည့် အချက်က လက်ရှိ အသုံးပြုနေသည့် နည်းပညာကို အလျင်အမြန်မပြောင်းလဲနိုင်လျှင် ထိုကိစ္စလည်း ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
စွမ်းအင်ကို ပညာသားပါပါအသုံးပြုရတော့မည်။ ရုပ်ကြွင်းလောင်စာအသုံးပြုမှုအစား ကာဗွန် ထုတ်လွှင့်မှု နည်းနိုင်မည့် အရင်းအမြစ်များကို ပြောင်းလဲအသုံးပြုရတော့မည်။ ယင်းကိစ္စသည် လက်တွေ့တွင် သေချာပေါက်လည်းဖြစ်နိုင်၊ စီးပွားရေးအရလည်း တွက်ချေကိုက်သည်။
မော်တော်ကားတစီး၏ ဥပမာကိုပဲ ကြည့်ရအောင်။ လူတယောက်၊ သို့မဟုတ် လူအနည်းငယ်ကို တနေရာမှ တနေရာသို့ ပို့ဆောင်မည့် ကိစ္စတွင် စက်ယန္တယား လေးချိန် ၁၀၀၀ ကီလိုဂရမ်မှ ၂၀၀၀ ကီလိုဂရမ်ကိုလည်းလိုက်ရွှေ့ပေးနေရသည်။ လူတယောက်၏ ပျမ်းမျှ အလေးချိန်က ၇၅ ကီလိုဂရမ်ရှိပြီး သယ်ဆောင်ရေးယာဉ်ကိုယ်ထည်၏ အလေးချိန်က သိသိသာသာ ပိုများနေသည်။ မော်တော်ယာဉ်၏ စက်ယန္တယားပိုင်းမှာလည်း ထိုနည်းနှင်နှင်ပင်။ ဓာတ်ဆီလောင်ကျွမ်းပြီး ထွက်လာသောစွမ်းအင်ကို စက်ယန္တယားက အသုံးပြုသည့်က နည်းနည်း။ အများစုကို အပူစွမ်းအင် အဖြစ် ဖြုန်းတီးပစ်ရာ ရောက်နေသည်။
အကယ်၍ သေးသေး၊ ပေါ့ပေါ့၊ ဘက်ထရီအားသုံး ယာဉ်တွေ၊ အင်ဂျင်ကိုလည်း လျှပ်စစ် ဓာတ်အားသုံး မော်တာတွေနှင့် မောင်းနိုင်မည်။ နေရောင်ခြည်စွမ်းအင်လို ကာဗွန် ထုတ်လွှင့်မှု နည်းသည့် အရင်းအမြစ်မှ ဓာတ်အားဖြည့်နိုင်မည်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှင့်မှုကို အကြီးအကျယ် လျှော့ချနိုင်မည်။
နောက်ဆုံးပေါ် အိုင်တီ နည်းပညာကို အသုံးပြုထားသည့် လျှပ်စစ်မော်တော်ယာဉ်တွေ အသုံးပြုနိုင်မည်ဆိုလျှင်ပို၍ကောင်းမည်၊ ထိုထက်မက ခေတ်မှီ အိုင်တီနည်းပညာက ပို၍ စမတ်ကျသည့် စက်တွေကို အသုံးပြုနိုင်သဖြင့် လူ၏အကူအညီမပါဘဲ စက်တွေဘာသာ အလိုလျှောက်ထိန်းချုပ်ရေးစနစ်တွေ (data-processing and positioning systems) ကို အသုံးပြုနိုင်လျှင်တော့ အတိုင်းထက်အလွန်ပင်။
ယခုအချိန်အထိ အိုင်တီနှင့် ဆက်သွယ်ရေးနည်းပညာ၏ အကျိုးကျေးဇူးတွေက လူမှုဘ၀ နယ်ပယ်စုံမှာ ရှိနေသည်။ ဂျီပီအက်စ် စနစ်သုံးသည့် စိုက်ပျိုးရေးနည်းကောင်းတွေ၊ နည်းနည်းနှင့် ထိရောက်သည့် အပင်အားဆေးတွေ (micro-dosing of fertilizers)၊ မှန်ကုန်ပြီး တိကျသည့် ထုတ်လုပ်မှုစနစ်၊ စွမ်းအင်ချွေတာနည်းကို သိသည့် အဆောက်အဦတွေ၊ စွမ်းအင်ကို တမျိုးမှ တမျိုးပြောင်းလဲနိုင်စွမ်းတွေ၊ အင်တာနက်ဆက်သွယ်ရေးစနစ်ကြောင့် နေရာ အကွာအဝေးဟူ၍ မရှိတော့။ မိုဘိုင်း ဘရောဘန်း Mobile broadband စနစ်က အာဖရိကနှင့် အိန္ဒိယ ကျေးလက်တွေအထိ ခရီးပေါက်နေလေပြီ၊ ကိစ္စရပ်တိုင်းအတွက်၊ ခရီးထွက်နေစရာ မလိုအပ်တော့။
ဘဏ်ကိစ္စတွေကိုလည်း တယ်လီဖုန်းနှင့် ဆောင်ရွက်နိုင်လာသည်။ တယ်လီဖုန်းနှင့် ရောဂါ စမ်းသပ်စစ်ဆေး နိုင်လာသည်၊ သို့ပေမယ့် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးဟူသည် နည်းပညာတွေ တိုးတက်ရုံမျှဖြင့် မလုံလောက်ပါ။ ဈေးကွက်၏ဆွဲဆောင်မှု၊ အစိုးရ၏ ထိန်းချုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေးအပေါ် လူထု၏ အထောက်အပံ့တို့လည်း လိုအပ်သည်။
အဆိုပါ ပေါ်လစီနှင့် အစိုးရတို့ထက် ပို၍ အရေးကြီးသည်မှာ ကျွန်ပ်တို့၏ တန်ဖိုးထားမှု Values ကိစ္စဖြစ်သည်။ “လူသားအားလုံး၏ ကံကြမ္မာသည် ခွဲခြား၍မရကောင်း၊ ရေရှည်တည်တံသည့် ဖွံ့ဖြိုးရေးဟူသည် လူသားအားလုံး၏ မျက်မှောက်နှင့် အနာဂတ်မှာ စောင့်ထိန်းအပ်သည့် လူမှုကျင့်ဝတ်ဖြစ်သည်” ဟူသော အချက်ကို လူတိုင်းက နားလည်လက်ခံရန်မှာ ပို၍ပင် အရေးကြီးပေသည်။
ရည်ညွန်း၊ ၊ Sustainable Humanity by Jeffrey D. Sachs
နေသွင်
No comments:
Post a Comment