BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Wednesday, April 11, 2012

သင်္ကြန်အကြောင်းသိကောင်းစရာများ.....

သီချင်းတွေလဲ ကြားဘူးပါသည်၊ သင်္ကြန်တွေမှာလဲ ပျော်ခဲ့ဘူးပါသည်၊ဒါပေမဲ့ သူများက ‘သင်္ကြန်’ပြောလို့ ပြောနေရတယ်။တကယ်တော့ သင်္ကြန်ရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့တာ အမှန်ပါ။ ငယ်ရွယ်သူတွေက သိလိုရေး နှင့် ဖွင့်မေးလာသည့် အခါမှာတောင်..မှ ဖြေစရာ မရှိခဲ့ချေ.. ဒါနဲ့ပဲ စာပေမှာ ဖွေရှာလေ့လာ ကြည့်မိသောအခါ သင်္ကြန်ဆိုတာကို ဒီလို နားလည်ခဲ့ရပါသည် ။သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏နှစ်သစ်ကိုကြိုဆိုသည့်အနေအားဖြင့်ကျင်းပသည့်ပွဲတော်တခုဖြစ်သည်။"ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ'
သင်္ကြန္တ"တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါ၏ ။သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ် 
                      သင်္ကြန်အကျဉ်း ဆိုလိုရင်း 
အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။ ဒီိတော့ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။ 
                      သင်္ကြန် အကျယ် သိမှတ်ဖွယ် 
သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ် ။ ဒါကြောင့် အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ် ။ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့အဿဝနီ နက္ခတ် ပထမပတ်သို့ စတင် ၀င်ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည် ၀င်ရောက်စအချိန်ကိုရာသီတခုမှ ရာသီတခုသို့ ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။
                         စူဠ မဟာ သင်္ကြန်အခါ 
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်ဒါပေမဲ့ ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့် နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟုလည်းကောင်း အလေး အမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲ ကျင်းပ ကြပါတယ် ။ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ်အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံ များနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ်သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ် 
                         သင်္ကြန် ကြို..အကျ ...အယူ အဆ 
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။ သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆိုသော နေ့ကိုတော့ "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။ 
                     သင်္ကြန်ကျရက် ဤသို့တွက် 
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ပင် ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။
                              သင်္ကြန်ပုံပြင် ဖတ်လိုလျှင်
တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။ထို့နောက် ရှုံးတဲ့သူ က ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်းမှာ စဉ်းစားမိသည်မှာ......။ မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြဗြဟ္မာဦးခေါင်းကိုကိုင်ထားထားရန်တာဝန်အပ်နှံပေးထားလိုက်ပါတော့
သတဲ့ ။ထို နတ်သမီးတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက်ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်ကရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက် မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။သင်္ကြန်အစ၏ကြေကွဲစရာမှတ်တမ်းလေးတစ်ခုဟုသာဆိုပါရစေ 
                               ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ 
ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော် ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင် ရုဒံ- ငိုကြွေးခြင်းကိုသော်လည်းကောင်း၊ မေထုနဉ္စ-မေထုံမှီဝဲခြင်းကိုသော် လည်းကောင်း၊ မံသံ -ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော်လည်းကောင်း၊ သူရ-သေရည်သေရက်သောက်ခြင်း ကို သော်လည်းကောင်း၊ကောဓောစ -အမျက်ထွက်ခြင်းကိုသော်လည်း ကောင်း၊ ရုဓံ- သွေးထုတ်ခြင်းကို သော်လည်းကောင်း၊ တေလိကံ- ဆေးဆီလိမ်းခြင်းကိုသော်လည်း ကောင်း၊ နကေရ-မပြုရာ၊ မရောင်း အပ်။ဣမာနိဒသ ကမ္မာနိ- ဤသို့ ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ -သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။ မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမ
 (၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။

(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။

(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်

ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင် မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်သားရပါတယ်

ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊လူလိုစင် ထား၊မြင်းမိုရ်ဖျားဝယ်၊ သိကြားသော် မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန် အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။သင်္ကြန်အတွင်းမှာ မကောင်းသော အပြု အမူ အပြောအဆို အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။

                            သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲ နေတာကို တွေ့ရပါမယ် ။

"အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။
ယင်းအလို အားဖြင့် "အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်
                         အတာရက်ကို ဤသို့ဆို
"အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။ဒါကိုပင် အတာစားသည် ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထားတာတွေ လေ့လာ ဖတ်ရှု့ရပါတယ်အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..

                            အတာအိုး အတာပန်း .....
အတာအိုးကို သင်္ကြန်ကိုစောင့်ကြိုသည့်အနေဖြင့်သင်္ကြန်မကျခင်ကြိုတင်ပြင်ဆင်ရသည်။
(၇) ရက်သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ် စေ ရေပြည့်အိုးမှာ ထည့်ကြလေ့ ရှိပါတယ် ။
စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ် .။ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ် ။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေးကြရသည်။အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။
(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။ ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြပါတယ် ။
ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါ အတိုင်း ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်
"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊ လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။ သတသဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်
နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်း လဲ ခြင်းလို့ နားလည်ခဲ့ရပါပီ .. ဒီ ပြောင်းလဲ ခြင်းဟာ ဘယ်တော့မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင် ကျင်လည်ခဲ့ရအုံးမယ်ဆိုရင်ဖြင့် နိမ့်တုံတခါ မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော်ရုံနဲ့ အဆုံးမသတ်နိုင်တော့ဘူးလို့ တွေးမိပါတယ်..
လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကိုသိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကို သာ မိမိနဲ့ တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်
ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့ တစ်နေရာတည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့ ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ ..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည် စသည် ဖြင့် ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ အထိ ပြောင်းရွှေ့ရအုံးမယ်သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား ...တန်ဖိုးကြီးပြီး မြင့်မြတ်သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား
ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့တွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်တွေကို နှစ်ခဲ့ ကြပါစို့လား ...နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ
မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ ။
ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)


Monday, April 9, 2012

"သားကတိ"

အမေကမွေး
အဖေကျွေး၍....

#

*
အမေကမွေး
အဖေကျွေး၍
သားလေးလူလားမြောက်ပြီမေ...
...
မွေးမေတောင်းဆု
ဖေ့ကောင်းမှုဖြင့်
သားခုအောင်မြင်နေပြီမေ...

ထိုထို ကျေးဇူး
အထူးထူးကို
မေ့ဘူးချစ်သားဆပ်မယ်မေ...

ဤရည်မှန်းချက်
မလွယ်ခက်လည်း
မပျက်အောင်သားထိန်းမယ်မေ...
မေ၀မ်းသာလို့ ပျော်ပါလေ...
စိတ်ချမ်းသာလို့ ကျန်းမာစေ...
သားမောင်ဆုတောင်း လိုက်တယ်မေ...ဲ
မိဘကျေးဇူးဆိုတာ ဆပ်မကုန်အောင် များပြားလှပါတယ်... ကျွန်တော်တို့ ဒီနေ့လို လူတစ်ယောက်ဖြစ်လာဖို့ မွေးဖွားပေးခဲ့တာနဲ့တင် မိဘကျေးဇူးကြီးမားလှပါပြီ... လူတိုင်းလူတိုင်း မိဘကျေးဇူးဆပ်နိုင်တဲ့ သားသမီးအလိမ္မာတွေ ဖြစ်ကြပါစေ....By SNP
By: စနေဖြိုး {S@n@y Phyo}


Saturday, April 7, 2012

ပစ္စုပ္ပန် အချိန်ကိုသာကောင်းကောင်းအသုံးချရင် အတိတ် အနာဂါတ်တို့၏လိုအပ်ချက်တွေပါဖြည့်ဆည်းပေးနိုင်သည်။(တိပိဋက ယောဆရာတော်)


အတိတ်ကဟာကွက်တွေရှိရင်ပစ္စုပ္ပန်မှာဖာထေးပေးလိမ့်မယ်၊အတိတ်ကလိုအပ်တာတွေရှိရင် ပစ္စုပ္ပန် မှာ ပြန်ဖြည့်စွက်ပေးလိမ့်မယ်၊
အတိတ်က အားမလို အားမရ တာတွေရှိရင် ပစ္စုပ္ပန် မှာအကုန်လုံးပြုပြင်ပြီးတော့ဖြည့်ပေးပါလိမ့်မယ်၊
အနာဂတ်ကို အားလုံးတာဝန်ယူပေးလိမ့်မယ်၊
အဲသလောက် ပစ္စုပ္ပန် ကို အားကိုးရ ပါတယ်၊ (တိပိဋက ယောဆရာတော်)


Friday, April 6, 2012

SALUTATION TO THE BUDDHA, THE DHAMMA, THE SANGHA.


{9} kinds of salutation to the Buddha .
********************************************
1. Such indeed is the Blessed One.
2. Worthy of respect.
3. Perfectly enlightened.
4. Endowed with knowledge
5. Conduct well gone.
6. Knower of the Worlds.
7. Supreme trainer of persons to be tamed.
8. Teachers of gods and men.
9. Enlightened and exalted.

{6} Kinds of salutation to the Dhamma.
********************************************


1. The Dhamma is well preached by the Buddha.
2. The Dhamma is to be realized personally.
3. The Dhamma brings immediate results.
4. The Dhamma invites you to ”come and see" .
5. The Dhamma takes you near { to the Nibbana }.
6. The Dhamma is to be understood by the wise individually.

{9} Kinds of salutation to the Sangha.
******************************************************


1. Of good conduct is the order of the Disciples of the Blessed One.
2. Of upright conduct is the order of Disciples of the Blessed One.
3. Of wise conduct is the order of the Disciples of the Blessed One.
4. Of dutiful conduct is the order of the Disciples of the Blessed One.
5. This order of the Disciples of the Blessed One namely, these our Pairs of Persons
Sangha is Worthy of offerings.
6. Sangha is worthy of hospitality.
7. Sangha is worthy of gifts.
8. Sangha is worthy of reverential salutation.
9. Sangha is an incomparable field of merit to the world.

{BY THE BUDDHIST WAY OF LIFE}

Wednesday, April 4, 2012

စင်္ကာပူနိုင်ငံ၏ ပါရမီရှင်များပြုစုပျိုးထောင်ခြင်းနှင့် ဆွဲဆောင်ခြင်း ။(လီကွမ်ယု)



၁၉၈၃ခုနှစ်၊ သြဂုတ်လ(၁၄)ရက်ညတွင် ကျွန်တော်သည် နှစ်စဉ်ကျင်းပမြဲဖြစ်သောအမျိုးသားနေ့တွင် မိန့်ခွန်းတစ်ခုခြွေရ၏။ ရုပ်မြင်သံကြားမှနေ၍ တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်သည်။ မိမိသားသမီးများကိုမိမိကဲ့သို့ထူးချွန်လိုလျှင်ဘွဲ့ရပညာတတ်များရွေးချယ်သင့်ကြောင်းပြောမိ၏။ သတင်းစာများက”အကြီးမားဆုံးသောအိမ်ထောင်ရေးစကားရည်လုပွဲ “ဟုကင်ပွန်းတပ်ကြသည်။ကျွန်တော်မျှော်လင့်သည့်အတိုင်းဤမိန့်ခွန်း
သည် ပုရွက်ဆိတ်အုံကိုတုတ်နှင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွား၏။ ကျွန်တော့်ဇနီး”ချူး”ကပင်ဘွဲ့ရအမျိုးသမီးများထက်အထက်တန်းပညာဆင့်အမျိုးသမီးများကပိုများကြောင်းသတိပေးသည်။ ဤမိန့်ခွန်းကြောင့်ပင်နောက်နှစ်ရွေးကောက်ပွဲတွင်မဲဆန္ဒအရေအတွက် ၁၂ရာခိုင်နှုန်းလျော့ချခဲ့၏။မည်သို့ဆိုစေအရည်သွေးမြင့်ပါရမီရှင်သည်နိုင်ငံ၏အဖိုးတန်ရတနာဖြစ်သည်ဟူသောအချက်ကတော့ ခေါင်းထဲစွဲနေသည်။သယံဇာတမကြွယ်ဝသောလူဦးရေနှစ်သန်းသာရှိသောစင်္ကာပူကဲ့သို့သောနိုင်ငံအဖို့ ဤအချက်သည်အလွန်အရေးပါသည်။ စင်္ကပူနေတရုတ်လူမျိုးအများစုမှာတရုပ်ပြည်တောင်ပိုင်းရှိလယ်ယာလုပ်သား
များမှဆင်းသက်လာသူတွေများ၏။အိန္ဒိယလူမျိုးများမှာလည်းကနဦးကရာဘာလုပ်ငန်းလုပ်ရန်၊ လမ်းဖောက်ရန်၊မြောင်းဖော်ရန်ခေါ်လာသူများဖြစ်၏။သူတို့အများစုမှာဇာတ်နိမ့်တွေဖြစ်၏။ အိန္ဒိယကုန်သည်နှင့် စာရေးစာချီလူတန်းစားအချို့ကားရှိကြ၏။ မလေးလူမျိုးအများစုမှာကား
သိပ္ပံထက်ဝိဇ္ဇာပညာကိုအားသန်သူများဖြစ်ကြသည်။ ဗြိတိသျှလက်အောက်စင်္ကာပူကားကျောင်းကောင်းတွေပေါ်လာ၍ ကံကောင်းလှ၏။ ဆရာအတတ်သင်တက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ သိပ္ပံပညာသင်ဌာနတွေ အများကြီးပေါ်ထွန်းလာသည်။
မလေးရှားနှင့်ဘော်နီယိုနယ်နိမိတ်မှအင်္ဂလိပ်ပညာတတ်အချွန်အမွန်တို့သည် ခရိယာန်သာသနာပြုများထောင်ထားသောစင်္ကာပူရှိဘော်ဒါကျောင်းများတွင်လာနေကြ၏။ စင်္ကာပူမှနေ၍အကောင်းဆုံးဆရာ၊အကောင်းဆုံးဆရာဝန်၊အပြောင်မြောက်ဆုံးနယ်အုပ်ချုပ်ရေးသမားပေါ်လာ၏။ ၎င်းတို့မှာမလေးရှား၊ဘော်နီယိုနယ်နိမိတ်ဒတ်ခ်ျအရှေ့အိန္ဒိယကျွန်းစု (နောင်အင်ဒိုနီးရှား)တို့မှတရုတ်နှင့်အိန္ဒိယလူ့မလိုင်များဖြစ်ကြသည်။ စင်္ကာပူတွင်အကောင်းဆုံးတရုတ်ကျောင်းများလည်းရှိသည်။
ကျွန်တော့်အစိုးရနှစ်အတော်ကြာလုပ်ခဲ့ပြီးနောက်၊၀န်ကြီးများ၊အုပ်ချုပ်ရေးသမားများ၊ အတတ်ပညာရှင်များတွင်ပါရမီရှင်များပါရှိလေလေကျွန်တော့ပေါ်လစီကိုထိရောက်အကောင်ထည်ပေါ်လေလေဖြစ်ကြောင်းသိရှိ
ခဲ့ရသည်။ကျွန်တော့်စိတ်သည်မင်းသားကြီးသီဟာနုထံရောက်သွားသည်။ သူသည်ပါရမီရှင်ဖြစ်၏။သူရုပ်ရှင်ရိုက်သောအခါသူသာလျှင်သာရေးဆရာ၊ ဒါရိုက်တာ၊သူသာလျှင်ဇာတ်ညွန်းရေးဆရာ၊မင်းသား၊ထုတ်လုပ်သူ၊
သူတစ်ယောက်တည်း။ ကမ္ဘောဒီးယားတွင် ပညာတတ်နှင့်ပါရမီရှင် နည်း၏။ရှိမဲ့စုမဲ့လက်ကျန်လေးကိုပင်”ပေါင်ပေါအစိုးရကသတ်ပစ်ခဲ့၏။သို့ဖြင့်ကမ္ဘောဒီးယားအခြေနေဆိုးခဲ့ရ၏။
၁၉၈၀ခုနှစ်၊သန်းခေါင်စာရင်းကိုကြည့်သောအခါကျွန်တော်တို့၏အထူးချွန်ဆုံးအမျိုးသမီးများသည် အိမ်ထောင်မပြုကြသဖြင့်မျိုးဆက်သစ်ထွက်ပေါ်မလာခြင်းကိုတွေ့ရ၏။ သူတို့နှင့်ပညာရည်တူအမျိုးသားများကသူတို့ကိုလက်မထပ်လိုကြသဖြင့် အပျိုကြီးတွေဖြစ်နေကြ၏။တက္ကသိုလ်ဘွဲ့ရထဲမှတစ်ဝက်မှာအမျိုးသမီးများ
ဖြစ်ကြ၏။ထိုအထဲမှသုံးပုံနှစ်ပုံမှာလက်မထပ်ကြ။အာရှတိုက်သားတို့သည် (တရုတ်ဖြစ်စေ၊အိန္ဒိယဖြစ်စေ၊မလေးလူမျိုးဖြစ်စေ)သူတို့ထက်ပညာအဆင့်နိမ့်သူကိုဇနီးအဖြစ်ရွေးချယ်လိုကြသည်။ ဘွဲ့ရအမျိုးသားများအနက်(၃၈%)သာဘွဲ့ရအမျိုးသမီးများကိုလက်ထပ်ကြသည်ကို ၁၉၈၃ခုနှစ်တွင်တွေ့ရသည်။ကျွန်တော်သည်လူငယ်တို့၏အစဉ်လာတချို့ကိုလုပ်နိုးပစ်ရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်ဖတ်ရှုဖူးသောသုတေသနကျမ်းများအလိုအရလူတစ်ယောက်၏စရိုက်ကို (၈၀%)ကသဘာဝမှဖန်တီးပေးပြီး(၂၀%)မှာမူပြုသုပြိုးထောင်မှုအရ ဖန်တီးနိုင်သည်ကိုသိရပါသည်။ ထို့ကြောင့်ကလေးများထူးချွန်ရေး၊ မထူးခွန်ရေးမှာမိဘနှစ်ပါး၏ဥာဏ်ရည်အနိမ့်မြင့်ပေါ်တွင်မူတည်နေသည်။
ထို့ကြောင့်ဘွဲ့ရအမျိုသားများအနေဖြင့်သူတို့ထက်ပညာရည်နိမ့်သူကို လက်ထပ်ရာတွင်သူတို့သားသမီးများဥာဏ်ထူးချွန်ရေး၊မထူးချွန်ရေးမှာသိပ်မသေချာလှ၊ ထို့ကြောင့်ဘွဲ့ရချင်းလက်ထပ်ကြပါ။ဘွဲ့ရအမျိုးသမီးအနေဖြင့် ကလေးနှစ်ဦးထက်ပိုယူကြပါဟုကျွန်တော်ကတိုက်တွန်းခြင်းဖြစ်သည်။
ထို့အတွက်ဘွဲ့မရအမျိုးသမီးများကကျွန်တော့အပေါ်စိတ်ခုကြသည်။ ဘွဲ့ရအမျိုးသမီးတွေကလည်းသူတို့၏အိမ်ထောင်ဘက်လွတ်လပ်စွာရွေးချယ်မှုကို ကျွန်တော်ကကန့်သတ်ပေးလိုက်၍သိပ်မကျေနပ်ကြ၊ကျွန်တော်ထံတိုက်ရိုက်ဝေဖန်စာတွေရောက်လာသည်။ ၀င်ငွေနည်းသောမိသားစုများကဥာဏ်ရည်သောကလေးမွေးသည်ဟုဆိုရပါ့မလားဆိုကာ ဒေါသူပုန်ထသူတွေများ၏။”တယောပညာရှင်လီပန်ဟုန်ကိုကြည့်ပါလား။ သူကတရုတ်တန်းရပ်ကွက်ထဲသူလိုကိုယ်လိုလူဘဲ။သူ့ကိုမိမန်ချက်စတာအော်ခပ်စတာရာတီးဝိုင်းမှာတယောပညာရှင်ကြီးဖြစ်ပါရောလား ဒါကိုလီကွမ်ယုနားမလည်ဘူး” ဟုဆိုပြီးဝေဖန်ကြသည်။ အမျိုးသမီးငယ်တစ်ယောက်ကဤသို့စာရေးသည်။”ကျွန်မကမခုလက်မထပ်ရသေးသူပါ။အသက်က(၄၀)နှစ်၊အောင်မြင်တဲ့ပညာရှင်တစ်ဦး၊ ဒါပေမယ့်စင်္ကာပူနိုင်ငံရဲ့အနာဂါတ်အတွက်ပညာတတ်ယောက်ကျားတစ်ယောက်ကို နှစ်နှစ်ကာကာမချစ်ဘဲနဲ့ကျွန်မလက်မထပ်နိုင်ဘူး။ကျွန်တော်ကလည်း ကျွန်တော့်ဖက်မှသက်သေတွေအခိုင်အမာထူထောင်ပြသည်။အသက် ၁၂-၁၆နှစ်နှင့်၁၈နှစ်အရွယ်ကလေးများထဲကထိပ်တန်းစာရင်းဝင်ကလေးများ၏မိဘများသည် ပညာတတ်ဖြစ်ကြောင်းသက်သေပြ၏။ တစ်ဘက်ကလည်း ၁၉၆၀ နှင့်၁၉၇၀ခေတ်များကကျွန်တော်တို့စကောလားရှစ်ပေးပြီးနိုင်ငံခြားပညာသင်လွှတ်ခဲ့သူများ၏မိဘများမှာ ပညာများမဟုတ်ကြဘဲ၊အငှားယာဉ်မောင်းသူများ၊အလုပ်ကြမ်းသမားများ၊ ဈေးသည်များသာဖြစ်ကြောင်း စာရင်းတင်ပြသည်။ ၁၉၈၀နှင့်၁၉၉၀နှစ်စာရင်းများအရစကောာလားရှစ်ရသူအကောင်းဆုံးကျောင်းသား၁၀၀
ထဲမှ၅၀%တါက်မူမိဘနှစ်ပါးထဲမှတစ်ဦးဦးသည်ပညာရှင်ဖြစ်နေပြန်သည်. ကောက်ချက်ဆွဲရလျှင် ထင်ထင်ရှားရှားမြင်နိုင်ပါသည်။ ၁၉၆၀နှင့် ၁၉၇၀စကောလားရှစ်များ၏မိဘများသည်နောက်ထက်မျိုးဆက်တစ်ဆက်အကြားတွင် မွေးပါက တက္ကသိုလ်ပညာတတ်များဖြစ်ကြမှာသေချာသည်။
ထိုအချိန်တွင်ပညာရေးမှာပွင့်လင်းလာပြီးထူးချွန်သောကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေးများသည်လွတ်လပ်လွယ်ကူစွာရနိုင်နေ၍ဖြစ်သည်။ အနောက်တိုင်းစာနယ်ဇင်းများကမူကျွန်တော့်ကိုပညာဆင်ခြင်တုံတရားမဲ့သူဟူ၍ပင် ဝေဖန်ကြေသည်။ကျွန်တော့်စကားကိုထောက်ခံသူဟူ၍ဟားဗတ်တက္က
သိုလ်မှစိတ်ပညာပါမောက္ခ”အာရ်အိပ်ခ်ျဟန်းစတိန်း”တစ်ယောက်သာရှိသည်။ သူက၁၉၈၉ခုမေလထုတ်”အတ္တလိန်တိတ်လစဉ်”မဂ္ဂဇင်းတွင်ဆောင်းပါးတစ်စောင်၌ ထောက်ခံရေးသားထားသည်။
လက်မထပ်ရသေးသောမအမျိုးသမီးမားနှင့်ပတ်သက်၍”လူမှုဖွံဖြိုးရေးဌာန” တစ်ခုဖွင့်ပြီး ဖြေရှင်းရှင်းပေးခဲ့သည်။ စင်္ကာပူမျိုးသားတက္ကသိုလ်မှ ပါရဂူဘွဲ့ရသူ”ဒေါက်တာအီးလင်သြ”အားကျွန်တော်ကရွေးချယ်ခဲ့သည်။ သူသည်အသက်(၄၀)ကျော်မှ လက်ထပ်ခဲ့သည်။ သူ့ခင်ပွန်းမှာလည်းပါရဂူဘွဲ့ရတစ်ဦးပင်ဖြစ်၏။သူ့ကလေးနှစ်ဦးလုံးပင် တက္ကသိုလ်ရောက်ကြ၏။လူမှုဖွံ့ဖြိုးရေးဌာနတွင်သူ့ကိုကျွန်တော်ခံသည်။ဘွဲ့မရသူတို့၏မိခင်များသည်သားများကိုဘွဲ့မရသော အမျိုးသမီးများနှင့်လက်ထပ်ပေးလိုကြသည်။သူတို့၏သားများကိုအန်မတုနိုင်အောင်ဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်သူအမျိုးသားသည်ဇနီးဖြစ်သူထက်တစ်ခုခုသာမှဖြစ်မည်။သူက ဇနီးထက်အစစအရာရာနိမ့်ကျနေလျှင်မဖြစ်ဟူသောအစွဲမှာအိန္ဒိယ၊ တရုတ်၊မလေးလူမျိုးများအကြားတွင်ရှိနေသည်မှာတော်ရုံတန်ရုံဖျောက်ဖျက်၍မရ။
သဘာဝကားအမျိုးသမီးများကသူတို့ထက်မြင့်သောယောက်ကျားကို ဘ၀ကြင်ဖော်အဖြစ်ရွေးလိုသည်။အမျိုးသားများကသူတို့ထက်နိမ့်ကျသော အမျိုးသမီးများကို လက်ထပ်လိုသည်။သို့ဆိုလျှင်ပညာသိပ်မတတ်
သောအမျိုးသားများအတွက်မူယူစရာမိန်းမရှာရတော့မည်မဟုတ်။အဘယ်ကြောင့်ဆိုသော် လက်မထပ်ဘဲကျန်နေသောအမျိုးသမီးအားလုံးမှာပညာတတ်များဖြစ်ပြီး သူတို့ကိုလက်မထပ်လိုသောကြောင့်ဖြစ်သည်။ထို့ကြောင့်ကျွန်တော်သည် ”လူမှုဖွံဖြိုးရေးဌာန”ကိုအလယ်တန်းပညာရေးအဆင့်ရှိသူများအတွက်ထပ်ဖွင့်ရ
၏။အဖွဲ့ဝင်များလျင်မြန်စွာတိုးပွားလာရာ၁၉၉၅တွင်၉,၇၀၀ထိဖြစ်လာ၏။ ထိုဌာနအဖွဲ့ဝင်များထဲမှ (၃၁%)သည်လှုပ်ရှားမှုများလုပ်ရင်းနှင့်သာ အိမ်ထောင်ကျခဲ့ကြသည်။ရိုးရာအစဉ်အလာအိမ်ထောင်ဖက်ရွေးချယ်ခြင်း
မှသည်ပညာရည်ကြည့်၍အိမ်ထောင်ဖက်ရွေးခြင်းကအစားထိုးဝင်ရောက်လာသည်။ အစိုးရသည်အသက်ကြီးပိုင်းအတွက်အိမ်ထောင်ရေးများကိုလည်း ပြုပြင်ပြောင်းလဲပေးရန်လိုအပ်လာပြန်သည်။၁၉၉၀သန်းခေါင်စာရင်းအရ ပညာပိုတတ်သောအမျိုးသမီးအိမ်ထောင်သည်များတွင်ပညာရည်နိမ့်သူများထက်
သားသမီးအယူနည်းသည်ကိုတွေ့ရပြန်သည်။ ထို့အပြင်ပညာမတတ်သူနှစ်ဆတိုးသလိုဖြစ်လာရာပညာတတ်ပျိုးထောင်ရေးတွင် အနှောက်ယှက်ဖြစ်နေ၏။ထိုလမ်းကြောင်းကိုပြောင်းနိုင်ရန် ထိုစဉ်ပညာရေးဝန်ကြီးဖြစ်သော”ကင်ဆွိ”နှင့်ကျွန်တော်တိုင်ပင်ပြီး ၁၉၈၄ခုမှစ၍ဘွဲ့ရမိခင်များမှတတိယကလေးမွေးလျှင်အကောင်းဆုံးကျောင်းထားခွင့်ကို ဦးစားပေးမည်ဟုကြေညာခဲ့သည်။ ဤအချက်မှာမိဘတိုင်းအတွက်
အဖိုးမဖြတ်နိုင်သည့်ဆုလာဘ်ပင်ဖြစ်သည်။ဤအချက်တွင်လည်လူငယ်ဝန်ကြီးများသည်သူတို့လုပ်ဖော်ကိုင်
ဖက်ဝန်ကြီးများနှင့် သဘောထားကွဲလွဲကြသည်။ ရွေးကောက်ပွဲပြီးသောအခါ”ကင်ဆွိနေရာတွင်တိုနီတန်”သည်ပညာရေးဝန်ကြီးဖြစ်လာသည်။သူကယခင်ဆုံးဖြတ်ချက်ကိုပြန်ပြင်ခဲ့သည်။ အိမ်ထောင်ရှင်အမျိုးသမီးများထဲမှဘွဲ့ရနှင့်နည်းပညာရှင်၊အတတ်ပညာရှင်များကို အမြတ်ခွန်လျှော့ပေးရေးအစီစဉ်ကိုချမှတ်ခဲ့သည်။
တတိယကလေးနှင့်စတုတ္ထကလေးမိခင်များကို သူတို့ခင်းပွန်းများ၏ ၀င်ငွေအမြတ်ခွန်များကိုလျှော့ပေါ့ခဲ့သည်။သို့ဖြင့်တတိယကလေးနှင့်စတုတ္ထကလေးမွေးသူများလာသည်။၁၉၆၀ခုနှစ်များကအစိုးရ၏ပေါ်လစီဖြစ်သော ”ကလေးနှစ်ယောက်ထက်ပိုမမွေးရ” ပေါ်လစီကို အများကဝေဖန်
ခဲ့သည်။မှားသတဲ့လား။မှန်လည်းမှန်၊မှားလည်းမှားဟုဆိုရမည်။ထိုပေါ်လစီကိုမချလျှင် မိသားစုစီမံကိန်းကိုလုပ်လို့မရသဖြင်လူဦးရေတိုးပွားနှုန်းကိုချ၍ရမည်မဟုတ်။အလုပ်လက်မဲ့ပြဿနာနှင့် ကျောင်းနေရေးပြဿနာများကိုလည်းရှင်းနိုင်မည်မဟုတ်။ပညာတတ်မိသားစုတွင် ကလေးနှစ်ယောက်ထက်မပို။ပညာမတတ်သူမိသားစုများဆိုလျှင်ကလေး လေးဦးနှင့်အထက်မွေးသင့်သည်ဟူသောအချက်ကိုတော့ကြိုတွက်မိဖို့ကောင်းသည်။
ကံဆိုးသည်မှာ ကျွန်တော်တို့သည်ထိုပေါ်လစီ၏အားနည်းချက်ကို ၁၉၈၃ခုနှစ်ကျမှပြုပြင်မိခြင်းဖြစ်သည်။ကျွန်တော့်မိန့်ခွန်းသည်လူငယ်အမျိုးသား၊အမျိုးသမီးများနှင့် သူတို့မိဘများကိုအလေးအနက်စဉ်းစားစရာများဖြစ်ခဲ့၏။၁၉၉၇တွင် ဘွဲ့ရအမျိုးသား(၆၃%)သည်ဘွဲ့ရအမျိုးသမီးများကိုလက်ထပ်သည်။၁၉၈၂တုန်းက(၃၈%)
သာလက်ထပ်ခဲ့ကြသည်နှင့်နှိုင်းယှဉ်ကြည့်နိုင်သည်။ထို့အတူဘွဲ့ရအမျိုးသမီးအချို့မှာလည်း အိမ်ထောင်မပြုဘဲတစ်ကိုယ်တည်းနေခဲ့ကြရာမှဘွဲ့မရသူအမျိုးသားများနှင့် အိမ်ထောင်ပြုနှုန်းတိုးလာသည်။အရိုးစွဲနေသောအလေ့ထများကို ချက်ချင်းပြုပြင်ဖို့မလွယ်။စိတ်ရှည်လက်ရှည်နှင့်အချိန်ယူပြုပြင်သွားရမည်ကို ကျွန်တော်သိလာသည်။ ချမ်းသာသောအနောက်နိုင်ငံကြီများက အရှတိုက်သားများဝင်လာမှုနှင့်ပတ်သက်၍သူတို့၏ပေါ်လစီပြောင်းလိုက်သောအခါ ကျွန်တော်တို့တွင်အခက်ခဲများတွေ့နေရ၏။ ၁၉၆၀ ခုနှစ်များတွင် အမေရိကန်သည်ဗီယက်နမ်တွက်စစ်ပွဲဆင်နွဲနေရာ၎င်းသည်အာရှဆန့်ကျင်ရေးပုံစံ အမြင်မခံလိုကြပါ။ထို့ကြောင့်အာရှတိုက်မှဝင်ရောက်လာသူများကိုယခင်ကထက်ပို၍ လက်ခံခဲ့ကြသည်။ကနေဒါ၊သြစတြေးလျနှင့်နယူးဇီလန်ကဲ့သို့သော လူဦးရေနည်းသည့်နိုင်ငံများသည်လည်း ဤပေါ်လစီကိုလိုက်၍ ကျင့်သုံးကြသည်။ယခင်ကသူတို့သည်အာရှတိုက်သားများဝင်ရောက်လာမှုကိုအချိန်အတော်ကြာတားဆီးခဲ့ကြ၏။
သူတို့ကအာရှတိုက်သားများထဲမှအရည်အသွေးမြင့်သူများကိုလက်ခံကြရာ မလေးရှားမှအိန္ဒိယနှင့်တရုတ်လူမျိုးအတော်များများထွက်သွားခဲ့ကြသည်။ လူလတ်တန်းစားပညာတတ်၊အတတ်ပညာရှင်တရုတ်၊အိန္ဒိယ၊မလေး
ရှားအမျညးစုသညသြစတြေးလျ၊နယူးဇီလန်နှင့်ကနေဒါသို့ရောက်သွားကြသည်။နိုင်ငံခြားသားအနည်းငယ်တို့
သည်လည်းစင်္ကာပူသို့ပညာလာသင်ကြသည်။ကျွန်တော်သည်၁၉၇၀ ခုနှစ်များကမလေးရှားဝန်ကြီးချုပ်”တွန်ရာဇတ်”ကိုမလေးရှားသည်ဦးနှောက်ယိုစီးမှုဖြစ်ပြီး၊ ပညာတတ်တရုတ်နှင့်အိန္ဒိယများသည်သြစတေးလျနှင့်နယူးဇီလန်သို့ ရောက်ကုန်ကြောင်းပြောကြားခဲ့သည်။”တွန်ရာဇတ်”ကဒါဟာဦးနှောက်ယိုစီးမှုတင်မက
ဘူး၊ဒုက္ခယိုစီးမှုလည်းဖြစ်တယ်။မလေးရှားဒုက္ခတွေစီးထွက်ကုန်တယ်လို့ဘဲသဘောထားရမည်ဟုပြောခဲ့သည်။
၁၉၇၀နောက်ပိုင်းတွင်ပညာတတ်(၅%)လောက်သည်ပြည်ပသို့ထွက်သွားကြသည်။ကျွန်တော်တို့၏အတော်
ဆုံးကျောင်းသားများသည်ဆရာဝန်အဖြစ်သွားကြသည်။အများစုသည် စင်္ကာပူနိုင်ငံတွင်သူတို့ပညာနှင့်ထိုက်တန်သောလခကြေးငွေများမရဟုဆိုကာ ပြည်ပထွက်သွားကြခြင်းဖြစ်၏။ ထို့ကြောင့်ကျွန်တော်တို့နိုင်ငံတွင်
လုပ်ခကောင်းကောင်း၊လစာကောင်းကောင်းပေးနိုင်ရန်အစီစဉ်များရေးဆွဲရ၏။ ၁၉၈၀ တွင်ကော်မတီနှစ်ခုဖွဲ့စီး
ကာ နိုင်ခြားရောက်ပညာတတ်များပြန်လာရေး၊ ပြည်တွင်းမှပညာတတ်များ ပြည်ပမထွက်ရေးအတွက် ဆွဲဆောင်စည်းရုံးရေးဆင်းခဲ့သည်။သို့ဖြင့် တစ်နှစ်လျှင် ဘွဲ့ရပညာတတ်များတစ်ရာကျော်မျှ တိုင်းပြည်ပြန်ဝင်
လာခဲ့သည်။ တရုတ်နှင့်အိန္ဒိယမှထူးချွန်ကျောင်းသားများကိုလည်း စကောလားရှစ်ဆုပေးကာစင်္ကာပူတွင်ပညာသင်စင်္ကာပူတွက်ပင်အလုပ်လုပ်စေခဲ့သည်။
၁၉၉၀ ဇန်န၀ါရီမှစစင်္ကာပူနိုင်ငံသားများနှင့်ကော့ကေးရှပ်၊ဂျပန်နှင့် အခြားအာရှအမျိုးသမီးများနိုင်ငံခြားတက္ကသိုလ်များတွင်ပညာသင်ကြားရင်းတွေ့ဆုံချစ်ကြိုက်ခဲ့ကြကာ လက်ထပ်ယူခြင်းကိုခွင့်ပြုခဲ့၏။သို့ဖြင့်သူတို့သားသမီးများသည် ကျွန်တော်တို့ပညာရှင်စုဆောင်းတွင်တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။
မိမိပြည်တွင်းမှပညာတတ်ပါ၇မီရှင်မည်မျှရှိစေကာမူနိုင်ငံခြားမှပညာရှင်များလည်း လိုအပ်နေဆဲပင်ဖြစ်သည်။ကျွန်တော်၏ပထမဆုံးဝန်ကြီးအဖွဲ့ဝင် ဆယ်ဦးတွင်ကျွန်တော်တစ်ယောက်သာလျှင်စင်္ကာပူမှာမွေး၊စင်္ကာပူမှာ
ပညာသင်ခဲ့သူဖြစ်သည်။”ကင်ဆွဲနှင့်ချင်ချဲ”သည်မလေးရှားတွင်မွေးသူများ၊”ရာဂျာ”သီဟိုဠ်မှာမွေးသူ၊တရားသူ
ကြီး”ယိုမွန်ဟောင်”သည်မလေးရှားမှ၊ရှေ့နေချုပ်”ချွန်ဆက်ကုန်”သည်လည်း မလေးရှားမှာပင်ဖြစ်သည်။စာရင်းဆက်ရေး၍တော့အများကြီး၊ ထောင်ပေါင်းများစွာသောအင်ဂျင်နီယာများ၊မန်နေဂျာများ၊အခြားအသက်
မွေးဝမ်းကျောင်းပညာရှင်များသည်နိုင်ငံခြားမှလာပြီးစင်္ကာပူကြီးပွားတိုးတက်အောင် ဆောင်ကြဉ်းပေးကြသူများဖြစ်ကြသည်။စင်္ကာပူကွန်ပျူတာလောက အောင်မြင်အောင်လုပ်ဆောင်ပေးကြသူများသည်လည်းနိုင်ငံခြားပညာရှင်များပင်ဖြစ်သည်။နိုင်ငံခြားမှပညာရှင်
များမရှိလျှင် စင်္ကာပူထိပ်တန်းမရောက်နိုင်ပါ..။

(စာရေးဆရာဟိန်းလတ်၏ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ စာအုပ်မှထုတ်နုတ်တင်ပြပါသည်။)







Monday, April 2, 2012

ဘာသာရေးခေါင်းဆောင်များသို့.....(သီတဂူဆရာတော်)


*မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ် လုပ်ငန်းစဉ် တို့တွင် သတ္တ လောကကြီး၏ အခြေအနေကို တစ်နေ့နှင့် တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော် မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီး တစ်ရပ် အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါ တစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲ သောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိ ကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာ မက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော် မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏဗြဟ္မဏ တို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံ ကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကို လိုက်နာ ကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။ ဤသို့မြတ်စွာဘုရားသည် သတ္တဝါလော ကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်၍ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။

***ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်၍ လောကကြီး၏အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ် နေသင့်ပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ် ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ ဓမ္မကို ဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီဖို့ အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တခြားစီ မဖြစ်ရလေအောင် ဓမ္မနှင့်လူသား တစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက် ပြည့်စုံမည် ဖြစ်ပါသည်။ သို့မှသာ လူသားအများစုတို့က ဘာသာရေး ခေါင်းဆောင်တို့သည် လူ့လောကကြီး အတွက် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည် ဖြစ်ပါသည်။ သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုး တိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌ လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော လောကနှင့်ဓမ္မကို တစ်သားတည်း ကျအောင် ဦးမဆောင်နိုင်သော ဘာသာရေး ခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။ ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှ ရုန်းထွက်ဖို့ပင် ကြိုးစားနေကြပြီး သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ် မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူလောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ် နှိပ်စက်သည်မှာလည်း ယင်းတို့ပင် ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်း ဆေးသည် အဖျားပျောက်ဆေး တို့တွင် အကောင်းဆုံးပင် ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုး ထပ်တိုးစေသည်မှာလည်း ဤဆေးပင် ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်း များစွာကို သတ်ခဲ့သော အဏုမြူဗုံးသည် သိပ္ပံဆရာများ တီထွင်ခဲ့သော လက်နက်ပင် မဟုတ်ပါလော။ ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။ ယနေ့ မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆာင် အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း လူသားအများစု နားလည်ခံယူလာအောင် ကျွန်ုပ်တို့ အားထုတ်ကြရမည် ဖြစ်ပါသည်။

***မြတ်ဗုဒ္ဓ လက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရား ရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဋ္ဌေး ရဋ္ဌပါလရဟန်း ပြုခဲ့သည်။ ဘီလျံပေါင်း များစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။ ''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာ သုခကို မြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါလက ပြန်လှန်၍ မေးခွန်းထုတ်ပါသည်။ ''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့ အပေါ်မှာ သင်သည် အဘယ်ကဲ့သို့ မြင်ပါသနည်း'' မင်းကြီးကဆိုပါသည်။ ''လူတွေဟာ စီးပွား ပျက်သောကြောင့် လည်းကောင်း၊ ဆွေမျိုး ပျက်သောကြောင့် လည်းကောင်း၊ အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊ ကျန်းမာရေး ပျက်သောကြောင့် လည်းကောင်း၊ စားဝတ်နေရေး အခက်တွေ့တဲ့ လူတွေဟာ ဘာသာရေး ခေါင်းဆောင် ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြတာပဲ''။ တိုင်းပြည်နှင့် လူသားတွေ အတွက် ဘာအကျိုးကျေးဇူးမှ မပြုသည့် အဓိပ္ပာယ်ကို မင်းကြီးက ဆိုလာသည်။ ဘာသာရေး ခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့ အမြင်ရှိ သူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ဤသို့မြင်သည်မှာ အလွန်အရေးမကြီး လှသော်လည်း ကောရဗျ မင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင်မျိုး ရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင် ဖြစ်ပါသည်။

***အရှင်ရဌပါလ၏အဖြေမှာ--- ၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တဝါလောကကြီး တစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏ တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဖြေပါသည်။ အရှင်ဘုရား၏ ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင် အရှင်ရဌပါလက ငါ့ဘဝရဲ့ တည်ငြိမ်မှုကို ဓမ္မဖြင့် တည်ဆောက် နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။ ၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ မီးဟုန်းဟုန်း တောက်လောင် နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ တဟုန်းဟုန်း တောက်လောင်နေသော မီးကို ငြိမ်းအေးစေဖို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အိုနာသေ သုံးမျိုးတို့ နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။ ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ၄။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာ တွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာ အဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟု ပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက် ပို၍ ပြောဆိုပိုင်ဆိုင်ခွင့် မရှိကြဘူး။ နှစ်တစ်ရာ မပြည့်မီမှာ ထိုပိုင်ဆိုင်မှု အားလုံးတို့ကို စွန့်လွှတ်ကြရစမြဲ ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီး တစ်ခုလုံးသည် မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင် ရထားကြစေကာမူ အလိုမပြည့်နိုင်အောင် ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင် ဖြည့်ကြသော်လည်း အလိုကား မပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏ နေရာ၌ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ် အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။ ၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက် ကို ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ် နိုင်ခဲ့ကြသည့် အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန် အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

***ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သော ရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီး ကြားသောအခါ အလွန်ပင် ကျေနပ် နှစ်သက်ခဲ့လေသည်။ ကျေနပ် နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချ ကန်တော့ခဲ့သည်။ ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေး အကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသော ကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်၍ စားဝတ်နေရေး အခက်အခဲ တွေ့နေကြရသည်ကို ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ အားလုံး မြင်တွေ့နေကြရပြီး ဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေး အကြပ်အတည်း ဘာသာရေး အကြပ်အတည်း ဤသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန် မှီတွယ်၍ နေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ ဖြစ်နေကြရသည်ကို ကြည့်၍ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့ မဖြစ်ရလေအောင် အထူး သတိပြုကြရမည် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ် သင်ကြားပို့ချရေး လုပ်ငန်းများ၊ ကမ္မဋ္ဌာန်း ကျင့်ကြံ အားထုတ်ရေး လုပ်ငန်းများကို ယနေ့ခေတ်၌ နှစ်ဆတိုး ကြိုးစား၍ လုပ်ဆောင်ကြရမည် ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီး စွပ်စွဲသလို အစွပ်စွဲ မခံကြရလေအောင် ကြိုးစားကြရမည် ဖြစ်ပေသည်။

***ကောရဗျ မင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့ အပေါ် အထင်အမြင် သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှု ရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည် ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသော ကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက် ပေးနိုင်ကြဖို့ အားထုတ်ကြရမည် ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာ လိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင် တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သော အထူး အားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ဤ သည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင် ဖြစ်ပါသတည်း။ ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့လောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှ မတောင်းဆိုကြပါ။

***သို့သော် '' Jealousy ကို Joy ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ ပြောင်းကြပါ။ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ'' ဟူသော Change ကို တကယ်ပဲ တောင်းဆိုလိုပါသည်။ သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., Litt. သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။
(http://maytharhla.blogspot.com/2012/03/blog-post_8203.html)

Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488