BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Monday, October 22, 2012

ဝေဖန်သုံးသပ်ရေးပေါ်လစီ (ဒေါက်တာလွမ်းဆွေ)

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား (သို့မဟုတ်)
စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်ရေးဘက်ကလူတွေ တာဝန်ပေးလာမှ ဆောင်ရွက်ရမယ့်ကိစ္စမျိုး မဟုတ်ပါ
ဒေါက်တာလွဏ်းဆွေ

တရက်မှာ ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အစ္စရေး-ပါလက်စတိုင်း သတင်းလေးတပုဒ် ဘာသာပြန်ပြီး ဖော်ပြထားတာ ဖတ်ရတယ်။ သတင်းနဲ့ သတင်းဓာတ်ပုံကို ဖတ်ရှုကြည့်အပြီးမှာ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်တခုကို သွားအမှတ်ရမိသလို တပြိုင်နက်တည်းမှာ ဗီအိုအေ ဦးကျော်ဇံသာနဲ့ ရုပ်သံအင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့ အဖြေစကားကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။

*******

အစ္စရေး-ပါလက်စတိုင်း သတင်းလေးကို ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့အတိုင်း ဖတ်ကြည့်ရအောင် …

Israel အမျိုးသမီးတယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့လူသား သန်းပေါင်းမြောက်မြားစွာကို အမြင်သစ် ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေးဆေးတခွက်လည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့ ဂျေရုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုဆလင်နေ့ (Jerusalem day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ရောက်တိုင်း ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွှင့်ထူပြီး နိုင်ငံတော်သီချင်းများ ဆိုကြပါတယ်။

အဲဒီနေ့ မတိုင်ခင် နေ့များမှာ ပါလက်စတိုင်းလူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာစီမံကိန်းများကို သပိတ်မှောက်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်းကောင်လေးတယောက်ဟာ ပါလက်စတိုင်းအလံ ကိုင်လျက် ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီတယောက်က သူ့အလံကို လုယူပြေးခဲ့ပါတယ်။ ကောင်လေးက ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲတယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို လိုက်ဖမ်းပါတယ်။

ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမတာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေးတက္ကသိုလ်ကျောင်းသူတယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေးစေခဲ့ပါတယ်။

အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုးဆိုတာ ရာဇ၀င်လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလည်း ပြောဆိုလာကြပါတယ်။

သို့သော်လည်း သူ့လူမျိုး (အစ္စရေး) အချင်းချင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းများကိုလည်း ခံရပါတယ်။ ဘာပဲဖြစ်ဖြစ် ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီအမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေးတယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။

လူတဦးတယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းဟာ လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေးအားမြှောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ်တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူတယောက်အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။

ဘယ်နေရာမဆို အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတယောက်ရဲ့ တန်ဖိုးပါပဲ။

မူရင်း သတင်းလင့်ခ် - http://972mag.com/armed-border-officer-chases-10-year-old-palestinian-boy-for-holding-flag/46412/

*******

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်

“If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.”

“မတရားတဲ့ အခြေအနေတွေမှာ သင် ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်တယ်။ ဆင်တကောင်က ကြွက်တကောင်ရဲ့အမြီးကို နင်းထားတာ တွေ့ရက်နဲ့ သင်က ကြားနေတယ်လို့ ပြောရင် ကြွက်က သင့်ရဲ့ကြားနေမှုကို အသိအမှတ်ပြုလိမ့်မယ်မဟုတ်ဘူး”

*******

ဗွီအိုအေ ဦးကျော်ဇံသာနဲ့ အင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား

“ကျမ လန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ ကချင်လူငယ်တယောက်က ကျမကို ထပြီးတော့ ဝေဖန်ပါတယ်။ ကျမက ဘာဖြစ်လို့ တပ်ကို Condemnation ပေါ့နော်။ သူက အဲဒီလို သုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။ ကျမက ပြောတယ်။ ကျမတို့က Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည် ရင်ကြားစေ့ရေးအလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ်ချပြီးတော့ တိုက်ခိုက်တဲ့ အလုပ်ကို လုပ်ချင်တာမဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျမတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့ ကျမတို့ ကြည့်မယ်။

ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျမတို့ မလုပ်ဘူး။ ဒီလို ဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ်ဘူး။ နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။ ကျမတို့ ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျမတို့ တတ်နိုင်သမျှ ကူညီပါတယ်။ NLD က သိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျမတို့ အကူအညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက် မခွဲခြားဘဲနဲ့ ကျမတို့ အကူအညီပေးတယ်။ ကျမတို့ရဲ့ အကူအညီကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြား အကူအညီတောင်းနိုင်တဲ့ဘက်က တောင်းလို့ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျမတို့က အဆင်သင့်ပါပဲ။” (VOA)

*******

ကျနော်၏ ထင်မြင်ယူဆချက်

အစ္စရေးအမျိုးသမီးရဲ့ ပြုမူဆောင်ရွက်ချက်ဟာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်နဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် ထပ်တူကျတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတရားတဲ့ အခြေအနေမှာ သူမဟာ ကြားမနေဘဲ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူမနဲ့ လူမျိုးတူ အင်အားကြီးတဲ့ အစ္စရေးနယ်ခြားစောင့်ရဲ (ဆင်) ဘက်ကမနေဘဲ အင်အားနည်းတဲ့၊ သူမနဲ့ ရန်ဘက်လူမျိုးဖြစ်တဲ့ ပါလက်စတိုင်းကလေးငယ် (ကြွက်) ဘက်က ရပ်တည်ကာကွယ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကားကလည်း မတရားတဲ့ အခြေအနေမျိုးမှာ မဟုတ်ခဲ့ရင်တော့ လက်ခံနိုင်စရာပါပဲ။ ကချင်စစ်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်ဘယ်က မှားတယ်၊ ဘယ်ဘက်က မှန်တယ်ဆိုတာကို သုံးသပ်နိုင်တဲ့ အခြေအနေမရှိလို့ ဆိုရင်လည်း ပြောနိုင်တာတခုကတော့ အခုဖြစ်နေတဲ့ ကချင်ပြည်တွင်းစစ်ဟာ မတရားတဲ့ အခြေအနေမှာ ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲ။ ဘာဖြစ်လို့ မတရားတဲ့ အခြေအနေလို့ ပြောရသလဲဆိုရင် မြန်မာအစိုးရစစ်တပ်နဲ့ ကချင်စစ်တပ်ဆိုတာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အဆိုအမိန့်အတိုင်း ဥပမာပေးရမယ်ဆိုရင် ဆင်နဲ့ ကြွက်လိုပါပဲ။ မြန်မာအစိုးရစစ်တပ် ဆိုတာက တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်နက်အင်အား၊ စစ်သည်အင်အား တောင့်တင်းပြည့်စုံတဲ့ အင်အားကြီး စစ်တပ်ဖြစ်ပြီး ကေအိုင်ကေကတော့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလူမျိုးစုတစုဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုမျှသာ ဖြစ်ပါတယ်။ ကေအိုင်အေမှာ လက်နက်တွေက ခေတ်မီတယ်ပဲပြောပြော၊ တိုက်ရည်ခိုက်ရည်တွေ ဘယ်လိုရှိတယ်ပဲပြောပြော အင်အားချင်း ယှဉ်ထိုးကြည့်ရင် ဆင်နဲ့ ကြွက်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ နောက်တချက် ပြောစရာရှိတာ မြန်မာအစိုးရစစ်တပ်ဘက်က တနည်းပြောရရင် စစ်အာဏာရှင်တွေ ချုပ်ကိုင်ထားဆဲ စစ်တပ်ဘက်က (ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်သုံးနှုန်းတဲ့ အသုံးအနှုန်းအရဆိုရင် ‘အုပ်ချုပ်ရေးဘက်က’) ကချင်နယ်မြေထဲကို သွားရောက်တိုက်ခိုက်တဲ့ ‘ထိုးစစ်’ ဖြစ်ပြီး ကေအိုင်အေဘက်က သူ့နယ်မြေထဲကို လာရောက်တိုက်ခိုက်တဲ့ မြန်မာစစ်တပ် (အုပ်ချုပ်ရေးဘက်က စစ်တပ်) ကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ‘ခုခံစစ်’ ဖြစ်နေတာပါပဲ။

အဲဒီတော့ အထက်မှာ ပြောခဲ့သလို မတရားတဲ့ အခြေအနေမျိုး (ဆင်နဲ့ ကြွက် အနေအထား) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ဘက်စစ်တပ်နှစ်ခုစလုံးရဲ့ ကြားမှာရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အရှိန်အ၀ါအကြီးဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာ အကျယ်တ၀င့် ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။ အဲဒီအတွက်ကြောင့် အခုလို မတရားမှုအနေအထားမှာ ဖြစ်ပွားနေတဲ့ ကချင်ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားကြီးတဲ့ မြန်မာစစ်တပ်ကို ရှုတ်ချပြောဆိုဖို့ ၀န်လေးနေရင်တောင် ထိုးစစ်ဆင်တာ ရပ်စဲရေးအတွက် အထူးအလေးထား မေတ္တာရပ်ခံ ပြောဆိုဖို့၊ ပြောလို့မှ မထိရောက်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရှိန်အ၀ါအကြီးဆုံး မြန်မာနိုင်ငံသားတယောက်က ၀င်ပြောရင် အခြားမြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ပြောဆိုတာထက် ပိုပြီးထိရောက်မှုရှိမှာ သေချာပါတယ်။ (တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်တင်မက မတရားမှုကို ဆန့်ကျင်တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုအားလုံး၊ ငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေအားလုံး ပါဝင်ဆင်နွှဲဖို့ လိုမယ်လို့ ယူဆပါတယ်)

အခုလို လူသန်ကြီးနဲ့ လူဖလံလေးတို့ ထိုးကြိတ်နေတဲ့ ဖြစ်ရပ်မျိုး (မြန်မာစစ်တပ်နဲ့ ကချင်စစ်တပ် တိုက်ပွဲ) မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစ္စရေးအမျိုးသမီး ပြုမူသလို (မှားတာ မှန်တာ အသာထား) လူသန်ကြီးကို အရင်ဆုံး တွန်းထုတ်ဖို့ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ အခိုင်အမာ ယူဆမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ “အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။” လို့ ပြောပါတယ်။ အဲသလို ပြောခြင်းဟာ ဥပမာအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားမျိုးမှာ အာဏာပိုင်အဖွဲ့အစည်းက (အုပ်ချုပ်ရေးဘက်က) ကြားဝင်ဆောင်ရွက်ပေးနေခြင်းမျိုးဆိုရင် ကျနော် ထောက်ခံပါတယ်။ အခုဟာက အုပ်ချုပ်ရေးဘက်က လူတွေရဲ့ စစ်တပ်ကိုယ်နှိုက်က သူတို့နဲ့ အင်အားချင်းမမျှတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တတပ်ကို ထိုးစစ်ဆင်ခြေမှုန်းနေတဲ့ ကိစ္စပါ။ အဲဒီတော့ အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေ ပြီးမြောက်တဲ့အထိ စောင့်နေမယ်ဆိုရင် ကချင်တိုင်းရင်းသားတွေအကုန်လုံး ကျိုးကြေကုန်နိုင်တာမို့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်မှန်းလုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အုပ်ချုပ်ရေးဘက်က လူတွေနဲ့ ပလဲနံပပိုသင့်ပြီး ပြေလည်မှု ပိုရကောင်းရနိုင်ပေမယ့် ထိုးစစ်ဆင်ခြေမှုန်းခံရတဲ့ ကေအိုင်အေနဲ့တကွ ကချင်လူမျိုးတွေနဲ့တော့ ပိုပိုပြီး အလှမ်းဝေးကွာသွားနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားမှာကို အထူးစိုးရိမ်ရပါတယ်။

နောက်ဆုံးပြောချင်တဲ့ တချက်က စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆိုတာမျိုးက အုပ်ချုပ်ရေးဘက်က လူတွေ တာဝန်ပေးလာမှ လုပ်ဆောင်ရမယ့် အလုပ်မျိုးမဟုတ်ဘဲ (အုပ်ချုပ်ရေးဘက်က လူတွေကလည်း သူတို့ကိုယ်တိုင်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တော့ ဘယ်တော့မှ တာဝန်ပေးမည်မထင်ပါ။ တာဝန်ပေးခဲ့ရင်လည်း သူတို့လိုချင်တဲ့ ဂိုက်လိုင်းအောက်ကပဲ ဆောင်ရွက်ခိုင်းမှာမို့ နာမည်ပျက်ဖို့ပဲ ရှိမှာပါ)၊ နိုင်သလောက် အကူအညီလေးပေးရုံနဲ့ ကိုယ့်တာဝန်ကျေပြီလို့ မယူဆသင့်ဘဲ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီး အသိရှိရှိ ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရမယ့် အရေးကိစ္စလို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးလေးနက်နက် ပြန်စဉ်းစားကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

Monday, October 15, 2012

မခံချင်တဲ့စိတ်နှင့် ခံချင်တဲ့စိတ် ။

လူတိုင်းလူတိုင်းမှာ အလုပ်မလုပ်ခင်မှာ ၀ါသနာနှင့် ရည်မှန်းချက်ကိုယ်စီရှိကြသည်။ ရည်မှန်းချက်အလိုက်
မခံချင်တွေလည်းတဖွားဖွားနှင့် ဖြစ်ပေါ်နေကြမည်ဖြစ်ပါသည်။ တောအရပ်ကနေကြသူများသည် မိမိဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်း မြို့ကြီးပြကြီးဆီသို့ တိုးတက်လိုတဲ့စိတ်အရင်းတည်၍
မခံချင်စိတ်အပြည့်ဖြင့် စီးပွားရေး ပညာရေး စသည့်အရေးကိုယ်စီဖြင့် ချီတက်ကြသည်။ မြို့ပေါ်သို့ရောက်သည် မိမိနေခဲ့ရာနေရာဒေသ အနေအထားနဲ့ဆန့်ကျင်ဘက်အခက်ခဲတွေကြုံရတဲ့အခါ
စိတ်ဓာတ်တွေကျလာတဲ့သူလည်းရှိသလို အပျော်အပါးတွေလွတ်လပ်စွာ ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်လည်း ပျော်ရွှင်သွားကြလို့ဘ၀ပျက်စီးသွားကြတဲ့
သူတွေ၊အကျင့်တွေပျက်သွားတဲ့သူတွေလည်း အမြောက်အများရှိပါသည်။ တကယ်တမ်း မိမိရည်မှန်းရာ မခံချင်စိတ်တွေဖြစ်သည့် အတိုင်းအခက်ခဲကို ရင်ဆိုင်ရင်းပျော်ရွှင်ရသည့်သူတွေတော့ တော်တော်လေးနည်းသည်ကိုတွေ့ရမည်ဖြစ်သည်။ အခက်ခဲတွေနဲ့ရင်ဆိုင်နေရလို့ စိတ်ဓာတ်ကျသွားတဲ့သူတွေက မိမိရည်မှန်းရာမခံချင်စိတ်တွေပျောက်ခြင်းမလှ ပျောက်ပြီး ခံချင်တဲ့စိတ်တွေတဖွားဖွားဖြစ်ပေါ်လာပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မိမိတို့ရဲ့ဇာတိရပ်ရွာဆီသို့ လှည့်ပြန်သွားတဲ့သူတွေလည်းအမြောက်အများတွေ့ရမည်ဖြစ်သည်။ ကိုယ့်စရိတ်နဲ့ကိုယ်စိုက်ပြီး သူတစ်ပါးအရပ်ဆီက မပျော်လို့ ကိုယ့်အရပ်ကို လှည့်ပြန်သွားတဲ့သူတွေအတွက်တော့ သိပ်ပြီးကိစ္စမရှိပေမယ့် သူတစ်ပါးဆီကဆွဲယူပြီး သွားရတဲ့သူတွေအတွက်တော့ မိမိရည်မှန်းချက်တွေလည်းပျောက်သွားသည့်အပြင်အင် သူတစ်ပါးဆီက ဆွဲယူထားသည့်အကြွေးတွေလည်း တင်ခံခဲ့သေးသည်။ ထို့ကြောင့်ဒီလိုလူစားမျိုးကို မိမိရည်မှန်းချက်ထားခဲ့သည့်မခံချင်စိတ်တွေပျောက်ပြီး ခံချင်တဲ့စိတ်တွေရယူသွားသည့် လူစားမျိုးတွေ လို့သာဘဲခေါ်ဆိုရတော့မည်။ အမိမြန်မာပြည်မှသည် မိမိဘ၀အတွက် မိသားစုအတွက်ဆိုပြီး တိုးတက်ရာတိုးတက်ကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးဆီသို့ချီတက်သွားကြတဲ့သူတွေလည်း အမြောက်အများရှိကြပါသည်။
အထက်ပါဆိုခဲ့အတိုင်းဘဲ ကိုယ့်ရည်မှန်းချက်တွေဖြစ်မြောက်အောင်မြင်အောင် လက်တွေ့လုပ်ဆောင်နိုင်တဲ့သူတွေကနည်းပြီး ခံချင်တဲ့စိတ်တွေပေါ်ပြီး လှည့်ပြန်သွားတဲ့သူတွေသာ များနေကြသည်။ တစ်ချို့များမိမိရည်မှန်းချက်တွေပျောက်သွားသည့်အပြင် အကြွေးတွေတစ်ပုံတစ်ပင်ကြီးတင်ကျန်နေကြသေးသည်။ ဆိုတော့... ကိုယ့်ရဲ့အခြေနေ ကိုယ့်ရဲ့စိတ်တွေမနိုင်လျှင် အစကတည်းက မသွားတာကိုဘဲ ကောင်းအုံးမည်။ တစ်ချို့များအစတော့ကောင်းပါရဲ့ အနှောင်းပိုင်းမှာ အခက်ခဲတွေနဲ့ရင်ဆိုင်လာရတဲ့အခါ မသေချာမရေရာမှုတွေလည်းရှိလာကြသည်။ မိမိရည်မှန်းချက်အတိုင်း မိမိတို့နေရာ ဇာတိရပ်ရွာကိုခွာလိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် ဇာတိရပ်ရွာကစိတ် တောအရပ်ကစိတ်တွေ လွမ်းတဲ့စိတ်တွေ ဖျောက်ထားနိုင်ဖို့အရေးကြီးသည်။ နေရာဒေသသစ်ရောက်ပြီဆိုတာနဲ့ ကိုယ်နေတဲ့နေရာအရပ်ရဲ့အနေထားကိုကြည့်ပြီး သူများနေသလို ကိုယ်လည်းနေနိုင်ရမည်။သူများစားသလို ကိုယ်လည်းစားနိုင်ရမည်။ သူများအောင်မြင်ရင် ကိုယ်လည်းအောင်မြင်ရမည် ဆိုတဲ့စိတ်ဓာတ်မျိုးကိုမွေးနိုင်ပါမှ မိမိရဲ့မခံချင်စိတ်တွေ
ရေရှည်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လူတိုင်းလူတိုင်းမှာလည်း ခံစားချက်ကိုယ်စီရှိကြမည်ဖြစ်သည်။
သို့သော်ငြားလည်း ခံစားချက်နဲ့ရည်မှန်းချက်က အတူထားလို့မရနိုင် ။ခံစားချက်ကတစ်နေရာ ရည်မှန်းချက် ကတစ်နေရာစီ ခွဲခြားထားမှရမည်။ ရည်မှန်းချက်ကို ခံစားချက်နှင့်အတူရောထားလျှင် မိမိရည်မှန်းချက်အရင်းရှုံးမည်ဖြစ်သည်။ ခံစားချက်ကြောင့်လည်း မိမိရဲ့ရည်မှန်းချက်ကို မဖျက်စီးသင့်ပေ။
တဆက်တည်းမှာဘဲ ……
ဘုရားဖူးရာသီတွေလည်းရောက်လာပြီဖြစ်လို့ ဘုရားဖူးတဲ့သူတွေ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ အကြောင်းကိုလည်း ထည့်ပြောပါအုံးမည်။
တတ်နိုင်တဲ့သူများလည်း အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူခဲ့သည့်နေရာမို့လို့ ကုသိုလ်ရဖို့ဦးတည်ချက်နဲ့ မခံချင်တဲ့စိတ်နဲ့ ကိုယ့်အစီစဉ်နဲ့ကိုယ်လာကြသည်။ မတတ်နိုင်သည့်သူများလည်း
ရောက်ဖူးချင်လို့ ကုသိုလ်လိုချင်လို့ ဆိုတဲ့မခံချင်တဲ့ရည်ရွယ်ချက်နှင့် သူတစ်ပါးဆီအနည်းနှင့်အများ
ဆွဲယူပြီးလာကြတဲ့သူတွေလည်းပါကြမည်။ ဘယ်လိုအခြေနေနဲ့ဘဲလာလာ မိမိရည်ရွယ်ရာ ကုသိုလ်ရဖို့ဆိုတဲ့မခံချင်စိတ်တော့ အမြဲတမ်းရှိနေဖို့လိုသည်။ များသောအားဖြင့် မြန်မာပြည်မှဘုရားဖူးများ
သည် အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ နေရာအသီးသီး မြန်မာဘုန်းတော်ကြီးကျောင်းမှာတည်းခိုကြရမည်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းဆိုသည်မှာလည်း
ဟိုတယ်(Hotel)မဟုတ် သက်သာရာသက်သာကြောင်း အရေးတကြီးနားနေဖို့ရန် နေရာသာဖြစ်သည် ဆိုတာကိုလည်း ပထမဆုံးအနေနဲ့ ထည့်တွက်စဉ်းစားထားရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံဆိုသည်မှာ နေရာတိုင်းမှာ ညစ်ညစ်ပတ်ပတ်နေထိုင်စားသောက်တတ်တဲ့အလေ့အထက ယဉ်ကျေးမှုတစ်တခုလို ဖြစ်နေသည့်အတွက်ကြောင့် သက်ဆိုင်ရာမြန်မာဘုန်းတော်ကြီးကျောင်းမှာလည်း အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအတိုင်းလိုက်လျော်ညီထွေစွာကြိုးစားနေထိုင်ရသည်ဖြစ်လို့ သန့်ရှင်းသည့်နေရာလည်းရှိမည်
မသန့်ရှင်းသည့်နေရာမှာလည်း ရှိချင်ရှိမည်။ ကောင်းတာလည်းရှိမည် မကောင်းတာလည်းရှိချင်ရှိမည်။
သည်လိုနေရာမျိုးမှာ ခဏတာတည်းခိုနေရတဲ့ဘုရားဖူးများအနေနဲ့ နှလုံးသွင်းကောင်းတတ်ဖို့အရေးကြီးပါသည်။ မြန်မာနိုင်ငံရှိဘုန်းတော်ကြီးကျောင်းမှာ မိမိရောက်နေသည့်အတိုင်းဘဲ သဘောထားရနိုင်ရမည်ဖြစ်သည်။ ကျောင်းကလည်း ၀န်ဆောင်မှုညံ့ဖျင်းလိုက်တာ။အစားအသောက်ကလည်းညံ့ဖျင်းလိုက်တာ စသည်စည်ဖြင့် ဘုရားဖူးတွေတော်တော်များများမှာ ကဲ့ရဲ့စကားတွေ  ၀စီကံအပြစ်တွေ မနောကံအပြစ်တွေ နောက်ဆုံးကျောင်းမှာ ဝေယျာဝစ္စကူညီဆောင်ရွက်ပေးနေတဲ့ သံဃာတော်များကိုလည်း စားပွဲထိုး အလုပ်သမားလိုအောက်မေ့လို့ ခိုင်းချင်ရာခိုင်းပြီး ကာယကံအပြစ်တွေ ဘုန်းကြီးကျောင်းမှာ တစ်ပုံတစ်ပင်ကြီးထားခဲ့သည်သာမက စာပေသင်ကြားလို့အဝေးကနေလာကြတဲ့ စာသင်သားသံဃာတော်တွေအပေါ်မှာလည်း အဆစ်အနေနဲ့ အပြစ်ဖို့အပြစ်တွေထားသွာခဲ့ကြသေးသည်။
သာသနာကိုတကယ်ကြည်ညိုလို့ပံ့ပိုးပေးကြတဲ့ အနာထပိဏ်တို့ကျောင်းအမကြီးဝိသာခါတို့လို သာသနာ့ဒါယကာ ၊ဒါယိကမကြီးတို့လိုလူတွေ အတွက်တော့ သူတို့အနေနဲ့ကာလဒေသကိုကြည့်ပြီး သူတစ်ပါးကို
အပြစ်ဖို့ကဲ့ရဲ့တာသူတို့တာဝန်လို့ဘယ်သောအခါမှ မှတ်ယူလေ့မရှိပါဘူး၊ရဟန်းသံဃာတွေအပေါ်မှာ သူတို့တစ်တွေ အပြစ်တင်တယ်လို့သာသနာ့မှတ်တမ်းမှာလည်းမရှိပါဘူး။ သူတို့နှင့်သက်ဆိုင်တာ သူတို့တာဝန်လို့သာ မှတ်ယူထားတာဖြစ်လို့ သာသနာနှစ်ပေါင်း(၂၅၀၀)ကျော်ခဲ့သည့်တိုင်အောင် စံပြသာသနာ့ ဒါယကာ၊ဒါယိကာမကြီးတွေအနေနဲ့
တည်ရှိနေနိုင်ခဲ့ကြတာဖြစ်ပါတယ်။ နေရာတိုင်းမှာ အဆိုးနဲ့အကောင်း အမြဲတမ်းဒွန်တွဲလျက်ရှိနေတယ်လို့
မမှတ်ယူတတ်တဲ့သူများအနေနဲ့ မိမိရောက်နေတဲ့နေရာတိုင်း တွေ့မြင်နေရတဲ့အရာတိုင်း၏အပေါ်မှာ ကိုယ်၊ နုတ်၊ စိတ် အပြစ်တွေ တစ်ပုံတစ်ပင်ကြီးတင်ရှိနေမှာဖြစ်ပါတယ်။ ဘယ်လိုအခြေနေလဲကြုံနေရ ကြုံနေရ မိမိတို့အနေနဲ့ ဘုရားဖူးလာတယ်ဆိုတာ ပျော်ပွဲစားထွက်နေတာမဟုတ် ကုသိုလ်လိုချင်လို့
ပိုက်ဆံအမြောက်များအကုန်ကျခံပြီး လာကြသည်ဖြစ်လို့ ကုန်ကျသည်နှင့်ထိုက်တန်အောင် ကုသိုလ်တွေအပြည့်အ၀ ပြန်လည်ယူသွားနိုင်အောင်မခံချင်တဲ့စိတ်နှင့်အမြဲတမ်းနှလုံးသွင်းနေနိုင်ရမှာဖြစ်ပါတယ်။
ထိုသို့မဟုတ်ရင်တော့ လူလည်းပင်ပန်း ပိုက်ဆံလည်းကုန် ကုသိုလ်ရတာတစ်ပဲ ရောက်ခဲ့တဲ့နေရာတိုင်းမှာ
အပြစ်တွေထားခဲ့တာဖြစ်လို့ ငရဲတစ်ပိဿာ ရသွားမှာအမှန်ပင်ဖြစ်သည်။ ဒီလိုဘုရားဖူးမျိုးကို မခံချင်စိတ်တွေပျောက်ပြီး ခံချင်တဲ့စိတ်တွေ ရယူသွားတဲ့လူစားမျိုးလို့သာမှတ်ယူရတော့မည်ဖြစ်ပါသည်။
ပညာရေးအတွက်ဘဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ဘဲဖြစ်ဖြစ်၊ ကုသိုလ်အရေးဘဲ ဖြစ်ဖြစ် အားလုံး အားလုံး
ခံချင်တဲ့စိတ်တွေပျောက်ပြီး ရည်ရွယ်ကောင်းသော မခံချင်တဲ့စိတ်တွေအမြဲတမ်းမွေးမြူနိုင်ကြပါစေ….၊

Thursday, October 11, 2012

“THE SUPREME SCIENCE OF THE BUDDHA”

“အနတ္တ” တရားတော်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များ။
စာဖတ်သူများအနေဖြင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များသည် မည်သည့်ဒေသ၊ မည်သည့်အခါကာလ၊ မည်သည့်အခြေအနေမျိုးတွင်မဆို မဖေါက်မပြန် အကြွင်းမဲ့မှန်ကန်တော်မူကြောင်း သိပံ္ပပညာ၏တွေ့ရှိချက်များကို ဖတ်ရှုသိမြင်ရခြင်းဖြင့် မြတ်စွာ ဘုရားနှင့်တကွ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ပိုမိုကြည်ညို သဒ္ဓါပွားများစေရန် ရည်သန်လျက် ဤ “အနတ္တ” တရားတေ
ာ်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိ ချက်များကို ရေးသားတင်ပြအပ်ပါသည်။
မြတ်စွာဘုရား အဓိကဟောကြားခဲ့သောတရားတော်များတွင် ပေါင်းစပ်ထားသောရုပ်နာမ် တရားအားလုံး၊ ရုပ်နာမ်ဖြစ်ရပ်များ၏မတည်မြဲခြင်း၊ “ဝိညာဉ်” (ဝါ) “အတ္တ” ဟူ၍မတည်ရှိခြင်း သို့မဟုတ် လောကီ လောကုတ္တရာတရားတို့၌ ခိုင်မြဲသောဒြပ် အနှစ်အသားမရှိခြင်းနှင့် အဆက် မပြတ် ပြောင်းလဲနေသောဖြစ်စဉ်၌ ထာဝရတည်မြဲသောကောင်းကင်ဘုံဟူ၍မရှိခြင်းများကို ဟော ကြားထားပေသည်။
“အနတ္တ” (ဝါ) “အတ္တမရှိခြင်း” သဘောသည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သော တရားတော်များအားလုံး၏ ဗဟိုမဏ္ဍိုင်ဖြစ်ပေသည်။ “အနတ္တ” သဘောကို သင်ကြားပေးခြင်း၌ လေးနက်သိမ်မွေ့သော ကိုယ်ကျင့်တရားတန်ဖိုးရှိပေသည်။ လူတို့သည် “အတ္တ” ကို အမှန် တကယ်ရှိသည်ဟု ယုံကြည်နေသမျှကာလပတ်လုံး တစ်ကိုယ်ကောင်းဆန်ခြင်းကို စွန့်ပယ်နိုင်လိမ့် မည်မဟုတ်။ “အတ္တ” (ဝါ) ငါ၊ ငါ့သား၊ ငါ့မယား၊ ငါ့ဥစ္စာဟူသော တပ်မက်မှုတဏှာကြောင့် လောဘ ဒေါသ မောဟ အစရှိသော ကိလေသာအညစ်အကြေးတို့ကို ဖြစ်ပေါ်စေပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် “အတ္တ” (ဝါ) “ငါ” ရှိသည့်နေရာတိုင်း၌ စင်ကြယ်သောကိုယ်ကျင့် သီလမရှိနိုင်” ဟု မိန့်ဆိုတော်မူခဲ့ပေသည်။
“အနတ္တ” ဆိုသည်မှာ အလုံးစုံသော ဘုံသုံးပါးတို့၌ဖြစ်သော အရာဟူသမျှသည် “အတ္တ” မဟုတ် ငါမဟုတ၊် အနှစ်အသားမရှိ၊ မိမိအလိုအတိုင်းမဖြစ်၊ အစိုးမရဟု အဓိပ္ပါယ်ရပေသည်။
နာမ်နှင့်ရုပ်-သဘာဝဖြစ်ရပ်များနှင့်ပတ်သက်ပြီး ဗုဒ္ဓ၏အမြင်မှာ ၄င်းဖြစ်ရပ်အားလုံးသည် အစစ်အမှန်မဟုတ်ဘဲ အမြင်မှားခြင်း (illusion) များသာဖြစ်ကြပေသည်။ ရုပ်ဝတ္ထုအကောင် အထည်အနေဖြင့်မြင်တွေ့နေရခြင်းမှာ အစစ်အမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာ ဖြစ်ကြောင်း မြတ်စွာဘုရားသည် မီးလုံးကြီးကိုသာဓကပြ၍ ဟောကြား တော်မူခဲ့ပေသည်။ မီးလုံးကြီးတစ်လုံးကို စက်ဝိုင်းလမ်းကြောင်းအတိုင်း လျင်မြန်စွာလှည့်ပတ်ခြင်း ဖြင့် မီးကွင်းကြီးတစ်ခုသဖွယ် အချိန်ကာလတစ်ခုမျှ မြင်တွေ့ကြရပေမည်။ ဤမြင်တွေ့ရသော မီးကွင်းကြီးမှာ အမှန်တကယ်မီးကွင်းကြီးမဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာဖြစ် ပေသည်။ ဤဥပမာမှ အချို့သောအခြေအနေများနှင့် အချိန်ကာလတစ်ခုအတွင်း၌ ရွေ့လျားမှုသည် တည်ငြိမ်မှုဟူသောအမြင်မှားကို ဖန်တီးပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရပေသည်။
ပတ္တမြားအစစ်၊ စိန်အစစ်တို့သည် ပွတ်တိုက်လေလေ၊ အရောင်တောက်ပြောင်လာလေလေ ဖြစ်သကဲ့သို့ ဗုဒ္ဓတရားတော်များသည်လည်း ဆန်းစစ်လေလေ ပိုမိုတောက်ပြောင် မှန်ကန်လာ လေလေပင်ဖြစ်သည်။ သိပံ္ပပညာ၏တိုးတက်မှုသည် ဗုဒ္ဓတရားတော်များ၏မှန်ကန်မှုကို ပိုမို ပေါ်လွင်ထင်ရှားလာစေပေသည်။
သက်ရှိသတ္တဝါအတွင်း ဖြစ်ပေါ်လျက်ရှိသော Metabolism ခေါ် ဇီဝဖြစ်စဉ်များကို လေ့လာ ကြည့်ပါက၊ သက်ရှိသည် စားသောက်လိုက်သော အစာအဟာရ ရုပ်ဝတ္ထုများကို သက်ရှိ ကလပ်စည်းများအဖြစ် ပြုပြင်ဖွဲ့စည်းလိုက်ပြီး (ANABOLISM) ၊ တဆက်တည်းမှာပင်၊ ၄င်းသက်ရှိ သွားလာ လှုပ်ရှား လုပ်ကိုင်ရန်လိုအပ်သောစွမ်းအင်ရရှိရေးအတွက် ယင်းသက်ရှိကလပ်စည်းများ ကို ပြန်လည်ဖြိုခွဲပြီး (CATABOLISM)၊ ဇီဝရုပ်ကြွင်းများအဖြစ်ပြောင်းလဲလိုက်ပြန်သည်။ ယင်းဇီဝ ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့်၊ သက်ရှိ ကလပ်စည်းများသည် အလွန်လျင်မြန်စွာ ဖြစ်လိုက် ပျက်လိုက် စဉ်ဆက်မပြတ်ဖြစ်နေခြင်းကြောင့်သာ ရုပ်ဝတ္ထု အကောင်အထည်အဖြစ် ထင်မှတ်နေ ကြခြင်းသာဖြစ်ပေသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် မြတ်စွာဘုရားဥပမာပေးခဲ့သော အလွန်လျင် မြန်စွာလှည့်ပတ်နေသည့် မီးလုံးကြီးကို မီးကွင်းကြီးသဖွယ် ထင်မှတ်နေခြင်းမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ခန္ဓာကိုယ်ဟုထင်မှတ် နေသောအရာမှာ သက်ရှိကလပ်စည်းများ၏ ဖြစ်ပျက်မှု အစဉ်မျှသာဖြစ်ပြီး၊ ငါ၊ ငါ့ကိုယ်၊ ငါ့ဝိညာဉ်ကောင်ဟူ၍ အနှစ်အသား တစ်စုံတစ်ရာမျှမရှိ၊ ဗလာ၊ နတ္ထိပင်ဖြစ်သောကြောင့်၊ မြတ်စွာ ဘုရားဟောကြားတော်မူခဲ့သော “အနတ္တ“ တရားတော်မှာ မှန်ကန်ကြောင်း ဇီဝဗေဒသဘော တရားအရ တွေ့ရှိရပေသည်။
တဖန် ရူပဗေဒပညာရှုထောင့်မှကြည့်ပြန်လျှင်လည်း-
ကျောက်တုံးတစ်တုံးသည် ကျွန်ုပ်တို့ပကတိမျက်စေ့ဖြင့်မြင်တွေ့ရသည့်အတိုင်း အတိအကျပင် အစိုင်အခဲဖြစ်ပေသည်။ သို့သော် ရူပဗေဒပညာရှင်များကမူ ယင်းကျောက်ခဲကို ခဏမစဲရွေ့လျား နေသော အဏုမြူအမှုန်ကလေးများ၏ အစုအဖွဲ့တစ်ခုဟုသာ ဆိုကြပေလိမ့်မည်။ ထိုအမှုန် ကလေးများသည် ဆွဲငင်ခြင်းများနှင့် တွန်းကန်ခြင်းဆိုင်ရာ အီလက်ထရွန်နစ်နိယာမများအရ တစ်ပေါင်းတည်းစုဖွဲ့နေရန် ထိန်းထားခြင်းသာဖြစ်ပေသည်။ အမှန်တွင် အီလက်ထရွန်များ၏ ဒြပ်အားလုံးသည် ၄င်း၏လျှပ်စစ်ဓာတ်ကြောင့်ဖြစ်ကြောင်းကို လက်တွေ့စမ်းသပ်ချက်များက ဖေါ်ပြ ခဲ့ပေသည်။ ဤအချက်သည် ဒြပ်ဝတ္ထု၌ ရုပ်အနှစ်အသားမရှိကြောင်းကို ငြင်းဆို၍မရအောင် သက်သေပြခဲ့သည့်အပြင် ဒြပ်သည် စွမ်းအင်သန့်သန့်မျှသာဖြစ်ကြောင်း သက်သေပြလာနိုင်ခဲ့ ပေသည်။
ထို့ကြောင့် သိပံ္ပပညာ၏တွေ့ရှိချက်များအရ၊ ကျွန်ုပ်တို့သည် ရုပ်လောကတစ်ခုလုံးကို ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာဖြစ်သည်ဟုဆိုရပေလိမ့်မည်။ ဤအမြင်မှားနေသော လောကကြီး၌ စွမ်းအင်သည် ဒြပ်ဝတ္ထုအဖြစ် အသွင်အမျိုးမျိုးဖြင့် ဟန်ပါပါသရုပ်ဆောင်လျက်ရှိပေ သည်။
ဤသို့လျှင် မြတ်စွာဘုရား၏ ရုပ်နာမ်ဖြစ်ရပ်များအပေါ်ရှုမြင်မှုများကို ယနေ့သိပ္ပံပညာက အမှန်တကယ်ပင်မှန်ကန်ကြောင်း အတည်ပြုပေးထားပေသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ အသိ အာရုံများအရ မည်သို့ပင်ထင်မြင်နေစေကာမူ ရူပဗေဒက ကျွန်ုပ်တို့အားတင်ပြပေးသော ရုပ်နာမ် ဖြစ်ရပ်ဆိုင်ရာကမ္ဘာ့ရုပ်ပုံလွှာသည်ကား အစိုင်အခဲသဘောမရှိ၊ ပုံသဏ္ဍာန်မရှိ၊ အနှစ်အသား မရှိပေ။ ဤအစိုင်အခဲ ပုံသဏ္ဍာန်၊ အနှစ်အသား သဘောတရားတို့ကို စကြဝဠာတစ်ခုလုံး မည်သည့်နေရာတွင်မျှ မမြင်တွေ့နိုင်ပေ။ ခဏမစဲ ဖြစ်ပျက် ပြောင်းလဲနေသော သန္တ တိ အစဉ် အဖြစ၊် အမြဲထာဝရတည်ရှိနေကြသည့် အတူတကွပေါင်းစပ်ထားသော စွမ်းအင်များသာရှိပေ သည်။
သိပံ္ပကမ္ဘာ၌ အလှည့်အပြောင်းသည် အဏုမြူကို ခွဲခြမ်းစိတ်ဖြာ၍ စွမ်းအင်အဖြစ်သို့ ဖြိုခွဲနိုင် သည့်အချိန်မှစတင်ခဲ့ပေသည်။ အဏုမြူမှ စွမ်းအင်အဖြစ်သို့ ပြိုကွဲခြင်းသည် ရောင်ခြည်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်းပေးသောနည်းစဉ်ဖြစ်သည်။ အီလက်ထရွန်အမှုန်များ၏ ခဏမစဲ ဆက်တိုက် ဖြစ်ပျက်သံသရာလည်နေခြင်းသာဖြစ်ပေသည်။
ထို့ကြောင့် ရူပဗေဒသဘောတရားအရ အစိုင်အခဲများဟူသည်မှာ ဟင်းလင်းပြင်နှင့်အချိန်တို့ ၏ အဆက်မပြတ်ဖြစ်ပျက်နေမှုအစဉ်၌ ဖြစ်ရပ်ငယ်များသာဖြစ်ကြပြီ၊် ရုပ်ဝတ္ထုဟူသည်မှာ အဓိက အားဖြင့် အနှစ်အသားမရှိ ဟင်းလင်းပြင်သာဖြစ်ပေသည်။
အစိုင်အခဲသည်ပင်လျှင် အာရုံများကပေးဆောင်သော မှားယွင်းသည့်အချက်အလက်များ အပေါ်အခြေခံပြီး တီထွင်ထားသောအသုံးအနှုန်း ဝေါဟာရတစ်ခုမျှသာဖြစ်သည်။ အစစ်အမှန်ဖြစ် သောအခြေခံဟူ၍မရှိပေ။ သို့ဖြစ်၍ အီလက်ထရွန်များမှအစ ကောင်းကင်တွင်သွားလာနေကြ သောကြယ်တာရာများအထိ မရွေ့လျားဘဲ တည်ငြိမ်နေသည့်အရာဟူ၍မရှိပေ။ မရွေ့လျားခြင်း ဟူသည်မှာ ထင်မြင်ချက်မျှသာဖြစ်ပေသည်။
ဤသို့ဖြင့် သိပ္ပံပညာသည် ၄င်းနည်း ၄င်းဟန်ဖြင့် ဗုဒ္ဓဟောကြားတော်မူခဲ့သော “အနတ္တ” တရားတော်ကို မှန်ကန်ကြောင့် အတည်ပြုထားပေသည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာ သန္တ တိအစဉ်နှင့် ရုပ်နာမ်တို့၏အနှစ်အသားကင်းမဲ့ခြင်းသဘောတရားသည် ဗုဒ္ဓတရားတော်များ၏ အခြေခံအချက်များဖြစ်သောကြောင့်ဖြစ်ပေသည်။
အတ္တ၊ ငါကောင်၊ ဝိညာဉ်ကောင်ရှိကြောင်းကို ဗုဒ္ဓဝါဒတစ်ခုတည်းကသာ လက်မခံ ငြင်းပယ် ခြင်းသည် လူတို့၏တွေးတောကြံဆမှုသမိုင်းတွင် ထူးခြားနေသော အချက်ကြီးဖြစ်ပေသည်။ ဗုဒ္ဓဟောကြားတော်မူသော တရားဒေသနာများအရ ‘အတ္တ’အယူဝါဒသည် စိတ်ထင်မျှသာဖြစ်သော လွဲမှားသည့်အယူဝါဒဖြစ်၍ စိတ်တွင်အကောင်အထည်ဟုထင်မြင်နေသောအရာများမှာ အစစ် အမှန်များမဟုတ်ကြပေ။ ၄င်း ‘အတ္တ’ ဝါဒသည် ‘ငါ’၊ ‘ငါ့ဟာ’၊ ‘ငါ့သား’၊ ‘ငါ့မယား’ စသည့် ဘေးအန္တရာယ်ဖြစ်ပေါ်စေသော စိတ်အကြံအစည်၊ တစ်ကိုယ်ကောင်းစိတ်ထား၊ လောဘတဏှာ မက်မောခြင်း၊ ဒေါသအာဃာတထားခြင်း၊ မာနကြီးခြင်း၊ ထောင်လွှားခြင်း အစရှိသောကိလေသာ အညစ်အကြေးများ ပြဿနာများကို ဖြစ်ထွန်းစေပေသည်။ ဤ ‘အတ္တ’ ဝါဒသည် လူပုဂ္ဂိုလ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားသည်မှအစ တိုင်းပြည်အချင်းချင်းစစ်မက်ဖြစ်ပွားရသည့်အထိ ကမ္ဘာ့ဒုက္ခ ပြဿနာအပေါင်းတို့၏ မူလအကြောင်းရင်းဖြစ်ပေသည်။ အတိုချုပ်ဆိုရသော် ကမ္ဘာပေါ်တွင် မကောင်းမှုဟူသမျှသည် ဤမှားယွင်းသော ‘အတ္တ’ ဝါဒတွင်အခြေခံပေသည်။
အကယ်၍ မြတ်စွာဘုရားသာ ပွင့်တော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးတို့ကို ဝေဖန်ပိုင်းခြား မသိမြင်နိုင်ကြဘဲ၊ “မောဟ” တည်းဟူသော အမိုက်မှောင်ဖုံးလွှမ်းမှုကြောင့် သံသရာဝဋ်ဆင်းရဲတွင်းမှ လွတ်ကင်းနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာဘုရား၏ဂုဏ်ကျေးဇူးတော်များကိုသိရှိပွားများကြပြီး၊ တရားတော် များကို ယုံကြည်မှုသဒ္ဒါထက်သန်စွာဖြင့် ကျင့်ကြံအားထုတ် ပူဇော်နိုင်ကြစေရန် ရည်သန်လျက်၊ ဤ“အနတ္တ” တရားတော်နှင့် ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များကို ရေးသားတင်ပြအပ်ပါ သည်။
မြတ်စွာဘုရား၏သာသနာတော်ကြီးနှင့်လည်းကြုံခိုက် မရုန်းလိုက်လျှင် အရှုံးနင့်ပြင် ရှိခြိမ့်မည်။
မကွေ့ မကောက် အဖြောင့်တရားတွေ့ပါသားနှင့် အများရူးတိုင်း နင်မရူးနှင့်။
ထူးသည့်အခါ၊ ဝိပဿနာကို အခါခါပွားမှ သွားမည့်သံသရာ အစဉ်ပါမည် သင်သာသတိထား။
အပြောသမား၊ အဖတ်သမား၊ အမှတ်သမားဘဝမှ အလုပ်သမားဘဝသို့ ချီတက်ကြပါစို့ ဟု ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီက မိန့်ကြားတော်မူခဲ့ပါသည်။
ဦးသန့်ဇင်
ကျမ်းကိုး။ BAPTIST, EGERTON C. ရေးသာသော “THE SUPREME SCIENCE OF THE BUDDHA” စာအုပ်ကို ဒေါက်တာမင်းတင်မွန် မြန်မာဘာသာပြန်ဆိုသည့် “သိပံ္ပနယ်လွန် ဗုဒ္ဓဘာသာ” စာအုပ်ကို မှီငြမ်းကိုးကား ရေးသားဖေါ်ပြပါသည်။

Thursday, October 4, 2012

အံ့ဖွယ် (၈) ဖြာ သာသနာ ...


တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာ
မေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။
အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။
“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။
ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်ကမြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ” ဟု
လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ
(၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည်သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍ဖြေကြားလိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကိုမြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍
ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊
မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊
ရသာဆားတူ ၊ ကြီးသူနေရာ ၊
အံ့ရှစ်ဖြာ ။
၁။ အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။
အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်းနက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။

၂။ ကမ်းကိုမလွန်
သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏
သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်တွေကအသက်ဟူသောအကြောင်းကြောင့်ပင်မလွန်ကြူးကြပေ။

၃။ ရွံဖွယ်ဆယ်ပစ်
သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေကျလာတဲ့အခါ
သမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်းဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ဒုဿီလပုဂ္ဂိုလ်တွေကိုသာသနာတော်ကြီးကအရှည်မထားပါဘူး။သံဃာကအပေါင်းအဖော်မလုပ်တော့ပေဘူး။ သာသနာတော်မှထုတ်ပစ်လိုက်တယ်။

၎။ တမည်ဖြစ်ခြင်း
သမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီမြစ်မှ
ရေတို့သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့မရတော့ပေဘူး။သမုဒ္ဒရာရေပဲဖြစ်သွားကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး စသည်ဖြင့်
အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊ဤရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ဤရဟန်းကသူဆင်းရဲပဲလို့နာမည်အသီးသီးမခွဲခြားတော့ပါဘူး။သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းပဲလို့
တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။

၅။ မယွင်းမတိုး
မြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့
မရှိသလိုမြတ်စွာဘုရားသာသနာတော်မှာလည်းရေတွက်လို့မရနိုင်လောက်အောင်များတဲ့ရဟန္တာပုဂ္ဂိုလ်တွေ နိဗ္ဗာန်သို့စံဝင်သွားကြတဲ့အခါ နိဗ္ဗာန်ကြီးကကျယ်သွားတယ်လို့လည်း မရှိဘူး။ သာသနာပအခါမှာလည်းပဲ နိဗ္ဗာနဓာတ်သို့ဝင်စံတဲ့ရဟန္တာပုဂ္ဂိုလ်တွေမရှိတဲ့အတွက်ကြောင့်နိဗ္ဗာန်ကြီးဟာပြန်ကျဉ်းသွားတယ်လို့မရှိကောင်းတာလည်း အံ့ဖွယ်ရာတခုပင်ဖြစ်ပါတယ်။

၆။ ဆယ်မျိုးရတနာ
ဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ရတနာအမျိုးမျိုးတွေ(ဆယ်မျိုးလောက်ရေတွက်လို့ရတယ်) ရှိနေတာလည်းပဲအံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း သတိပဋ္ဌာန်တရား ၄-ပါး၊
သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗိုလ်၅-ပါး လို့ခေါ်တဲ့ရတနာအမျိုးမျိုး ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။

၇။ ရသာဆားတူ
မဟာသမုဒ္ဒရာကြီး၌ရေတို့၏အရသာသည်ဆားငံအရသာတစ်မျိုးတည်းပင်ရှိသကဲ့သို့မြတ်စွာဘုရား၏သာသနာတော်မှာလည်း ကိလေသာတို့မှလွတ်မြောက်ခြင်းအရသာတည်းဟူသောဝိမုတ္တိရသအရသာတစ်မျိုးတည်းရှိခြင်းသည်လည်း
အံ့ဖွယ်တခုဖြစ်ပါတယ်။

၈။ ကြီးသူနေရာ
ကြီးသူနေရာ ဆိုသည်မှာသမုဒ္ဒရာအတွင်းကတိမိင်္ဂလစသည့်အလွန်ကြီးသောငါးကြီးတွေနေရာဖြစ်ပါတယ်။
ဒါဟာလည်း သမုဒ္ဒရာကြီး၏အံ့ဖွယ်တခုဖြစ်သလိုမြတ်စွာဘုရားသာသနာတော်မှာလည်းမဂ္ဂဋ္ဌာန်၎ယောက်၊ ဖလဋ္ဌာန် ၄-ယောက်ဟူသော ကြီးသူတို့နေရာဖြစ်ပါတယ်။ ဒါဟာလည်းသာသနာတော်ရဲ့ အံ့ဖွယ် တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင်ဖြေကြားတော်မူခဲ့ပါတယ်။
(အံ-၃၊ ၄၂၊ ၄၃)

Wednesday, September 19, 2012

ကံဟူသည်မှာ အဘယ်နည်း?ဖန်ဆင်းရှင်လော ?(သို့မဟုတ်)သီးခြားဘုံတစ်ခုအဖြစ်တည်ရှိနေခြင်းလော?


လူတိုင်း၌ ကံ ဥာဏ် ၀ီရိယ သုံမျိုးရှိပါသည်။ ဥာဏ် ၊၀ီရိယ နှင့်ပတ်သက်၍ လူတိုင်းနားလည်နိုင်သည်မဖြစ်၍ ပြဿနာမပေါ်ပါ။ လူတိုင်းကလက်ခံကြသည်။ ကံနှင့်စပ်လျဉ်းလာလျှင်မူကား ကံမရှိဘူးဆိုသူကဆို ကံကိုမယုံဘူးဟု ပြောသူက ပြောကြသည်။မိမိတို့ဗုဒ္ဓဘာသာဝင် ထဲကပင်လျှင် အသိဥာဏ်နည်းပါးသောသူတွေက ဒါမျိုးကိုလက်မခံသေးသူကရှိသေးသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြားသောဘာသာဝင်များဆိုလျှင် ပြောစရာပင်မလိုတော့ချေ။ ကံကိုမယုံဘူး ကံမရှိဘူး ဟုပြောသူများသည် မိမိအခြေနေ မိမိ၏အပြုမူများကို မသုံးသပ်မဆင်ခြင်မိသဖြင့် မိမိကိုယ်ကို ပြန်လည်ဆန့်ကျင်မိကြသူများသာ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုကံကိုမယုံသူများသည် မိမိတို့မယုံဘူးဆိုသောကံကိုပင် နေ့စဉ်နေ့တိုင်း
ပြုလုပ် ပြုမူနေကြသောကြောင့်ပင်ဖြစ်သည်။
ပါဠိဘာသာ ကမ္မ မှ ကံဟူသော ပါဠိသက် မြန်မာဝေါဟာရ ဖြစ်လာသည်။ အဓိပ္ပါယ်မှာ အလုပ်ဟူ၍
ပင်ဖြစ်ပါသည်။ မိမိတို့အပါဝင် နေ့စဉ်လှုပ်ရှားနေကြသော လောကလူသားတွေကို ဝေဖန်သုံးသပ်ကြည့်မည်ဆိုပါက ကံဟူသောဝေါဟာရကို နားလည်နိုင်မည်ဖြစ်သည်။ မည်သူမဆို
၁။- ကာယကမ္မ= ကာယကံ= ကိုယ်အမူအရာဖြင့် ပြုလုပ်ဆောင်ရွက်ခြင်း။
၂။-၀စီကမ္မ= ၀စီကံ= စကားဖြင့် ပြုမူဆောင်ရွက်ခြင်း။
၃။-မနောကမ္မ=မနောကံ= အတွင်းစိတ်သက်သက်ဖြင့် စိတ်ဖြင့်ကျိတ်၍ကြံစည်ပြုလုပ်ခြင်း။
ဤကံ(အလုပ်)သုံးမျိုးဖြင့် ကင်းနိုင်ကြသည်မဟုတ်ပေ။
မိမိတို့စားဝတ်နေရေး ပြေလည်မှုအတွက် နေထွက်မှသည် နေ၀င်သည်အထိ ပြုမူရုန်းကန်လှုပ်ရှား နေကြရသူများချည်းပင်ဖြစ်သည်။
မိမိတို့ခေါ်ဆိုနေကြသောကံဟူသည်မှာ တခြားသောဖန်ဆင်းရှင်များလည်းမဟုတ် သီးခြားဘုံတစ်ခုအဖြစ်တည်ရှိနေခြင်းလည်းမဟုတ် ကမ္မ=ကံ=အလုပ် ပင်ဖြစ်ပေသည်။
ကံနှင့်လူသားသည် တခြားစီမဟုတ် ၊ကံဟူသည် လူသားတို့၏ စွမ်းရည်တစ်မျိုးသာဖြစ်ကြောင်း နားလည်သဘောပေါက် သင့်ပါသည်။ ကံဆိုသည်မှာလည်း ဖြစ်သမျှ ရှေးအတိတ်ကံလက်ချက်ဟု အပြစ်ပုံချ၍မရ၊ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ယူရသည်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ပြီး
လက်ရှိဘ၀၏ ကောင်းကျိုးကိုရှာရမည်။ အနာဂတ်ကောင်းကျိုးကို ထူထောင်ရမည်ဖြစ်ပါသည်။
ကံဟူသောအလုပ်ကို လုပ်သဖြင့် လုပ်အားတန်ဖိုးကို ရရှိကြသည်။ အစိုးရအမှုထမ်းများသည် တိုင်းပြည်အတွက်အလုပ်လုပ်ကြသောကြောင့် ထိုလုပ်အားအတွက် တိုင်းပြည်က ပြန်လည်ချီးမြင့်သော လစာရိက္ခာများရရှိကြသည်။ ကုန်သည်များသည်လည်း ကုန်ရောင်းကုန်ဝယ်လုပ်ငန်းမှ အမြတ်အစွန်းများရရှိခံစားကြရသည်။
စိုက်ပျိုးရေးသမားတို့သည်လည်း စိုက်ပျိုးမှုလုပ်ငန်းမှ သီးနှံများဖြစ်ထွန်းလားပြီး ထိုမှအကျိုးအမြတ်ကို
ခံစားကြရသည်။ ကျောင်းသူ ကျောင်းသားများသည်လည်း ကျောင်းပုံမှန်တက် စာပုံမှန်ကျက်သဖြင့် မိမိတို့မျှော်မှန်းရာပန်းတိုင်ကို လွယ်ကူစွာရောက်ရှိနိုင်ကြသည်။
အစိုးရဥပဒေကိုလေးစားလိုက်နာပြီး ရာဇ၀တ်ပြစ်မှုများကို ရှောင်ကြဉ်ကြသူများမူကား ကိုယ်ချမ်းသာ စိတ်ချမ်းသာစွာနေရသည်။ အများအကျိုးကို ဆောင်ရွက်ကြသူများ တိုင်းပြည်အတွက်အလုပ်လုပ်သူများသည်လည်း သက်ဆိုင်ရာအစိုးရ ဥပဒေများအရာ ဆုလာဘ်ပဏ္ဏာကို ခံယူကြရသည်။
သက်ဆိုင်ရာလူမှုပညတ်ချက်နှင့် ဘာသာရေးဝါဒ လမ်းညွန်ချက်များကြောင့် ပရဟိတ လုပ်အားကို သရုပ်ဖော်ကြ၏။ စုပေါင်းလုပ်ကိုင်ကြ၏။ တစ်ဦးနှင့်တစ်ဦးကူညီ ရိုင်းပင်းကြ၏။ ကိုယ်ကျင့်တရားများ ထိန်းသိမ်းကြ၍ တစ်ဦးကိုတစ်ဦးရိုသေ ကိုင်းညွတ်ကြ၏။ ချစ်ခင် လေးစား မေတ္တာထားကြ၏။
ဤသည်ကို ကုသလကမ္မ =ကုသိုလ်ကံ= ကောင်းသောအလုပ်ဟု ခေါ်ဆိုရ၏။
နိုင်ငံတိုင်း ဘာသာတရားတိုင်း၌ လူမှုပညတ်ဟူသောလောကဥပဒေ သက်ဆိုင်ရာဘာသာတရား၏ဥပဒေ ရှိ၏။ ထိုဥပဒေကို လူတိုင်း၌ လိုက်နာကျင့်သုံးနေကြရ၏။
ခိုးယူခြင်း၊လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်းအမှုပြုခြင်း၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ ပုန်ကန်ခြင်းစသော အပြစ်တို့ကို ကျူးလွန်မိသူသည် မိမိ၏ မကောင်းသောအလုပ်ကြောင့် လောကဥပဒေအရ ငွေဒဏ်၊ ကြိမ်ဒဏ်၊ ထောင်ဒဏ်၊ ကြိုးပေးခံရခြင်းဒဏ်၊ သေဒဏ် ခံကြရသည်။
ထို၏အခြားတစ်ဘက်တမလွန်ဘ၀၌လည်း သက်ဆိုင်ရာဘာသာတရား၏ ဥပဒေဒဏ်ကို ခံရဦးမည်ဖြစ်ပါသည်။ ဤသည်ကို အကုသလကမ္မ=အကုသိုလ်ကံ= မကောင်းသောအလုပ်ဟု
ခေါ်ဆိုရသည်။ မိမိအနေနဲ့လည်း ရန်ကုန်မြို့ရှိ YMCA Church နှင့်New Life Church ကို Service အနေနဲ့ရော အင်္ဂလိပ်စာအနေနဲ့ပါ နှစ်နှစ်ကျော်ကျော်တက်ရတာမို့လို့ ကံကိုမယုံဘူး ကံဆိုတာမရှိဘူး ဆိုတဲ့စကားကို မကြာခဏ ပြောသံကြားဖူးပါသည်။ ကံဆိုတာဘာလဲ ဒီမေးခွန်းကိုလည်း မကြာခဏအမေးခံခဲ့ရဖူးပါသည်။ မြန်မာလိုအနေနဲ့အဖြေပေးရတဲ့အခါ အထိုက်
သူများနားလည်သဘောပေါက်အောင်ဖြေကြား နိုင်ခဲ့ပေမယ့် အမှန်ပြောရရင်တော့မိမိကိုယ်မိမိတော့
အားမရခဲ့ပေ။ နိုင်ငံခြားသားများလည်းမကြာခဏဆိုသလိုအမေးခံခဲ့ရဖူးပါသည်။ အဲဒီတုန်းက မိမိအနေနဲ့ အင်္ဂလိပ်စာကို မတောက်တစ်ခေါက်နဲ့ပြောတတ်ခါစမို့ သူများအားရနိုင်လောက်တဲ့အထိတော့ ဖြေကြားနိုင်ခဲ့ခြင်းမရှိပါဘူး။ သူတို့အနေနဲ့ ကံကိုမယုံဘူး
ကံမရှိဘူးလို့သာပြောနေကြတာ တကယ်တမ်းကျတော့ Good Luck! ကံကောင်းပါစေ ဆိုတဲ့စကားကိုတော့ တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြု ပြောဆိုနေတာကိုတော့ တွေ့ဖူး ကြုံဖူးလိမ့်မည် ထင်ပါသည်။ တကယ်လို့သာ အထက်ဆိုခဲ့အတိုင်းဘဲ ကံဆိုတာ အလုပ်ပါဘဲ လို့သူတို့တစ်တွေ သဘောပေါက်ခဲ့ရင် ကံရှိကြောင်းကို သူတို့လက်ခံယုံကြည်နိုင်လိမ့်မည်ထင်ပါသည်။ ကမ္မ=ကံ=အလုပ်ဟူသောဆိုလိုရင်း အကျဉ်းချုပ်မှာ’’
ဘယ်သူမပြု မိမိအမှု’’ ဟူသည်နှင့်အညီ ရှေးရှေးကပြုခဲ့သောအမှု(ကံ)၊ လက်ရှိပြုနေသောအမှု(ကံ)
အားလျော်စွာ တစ်စုံတစ်ဦးသောဖန်ဆင်းရှင်ကြောင့်မဟုတ်ဘဲ ကောင်းကျိုး မကောင်းကျိုးကို ရရှိခံစားနေကြရခြင်း ဖြစ်ပါသည်။(ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်)။

Thursday, September 13, 2012

တစ်မလွန်ဘ၀ကို လက်ခံခြင်းနှင့် လက်မခံခြင်း။

သေလျှင်ပြတ်တာဘဲ၊နောက်ဘ၀ဆိုတာမရှိဘူးဟူ၍ တမလွန်ဘ၀ကိုလက်မခံသောသူသည် ကိုယ့်ကျိုး ကိုယ့်စီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ရဲလာသည်။ ထို့ကြောင့်ယခုဘ၀မှာပင် ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ရှုတ်ချမှုကို ခံရသည့်အပြင် လောကပြစ်ဒဏ်ကိုလည်းခံရနိုင်သေးသည်။
ဤကား တမလွန်ဘ၀လက်မခံခြင်းအတွက် ယခုဘ၀ခံစားရသော ဆိုးကျိုးပင်ဖြစ်၏။
သူထင်သလို တမလွန်ဘ၀မရှိခဲ့လျှင် တော်ပါသေး၏။ အကယ်၍တမလွန်ဘ၀ရှိခဲ့လျှင် မကောင်းမှုကိုသာလုပ်ခဲ့သူဖြစ်သောကြာင့်
အကောင်းသောဘုံသို့ရောက်ပြီး မကောင်းကျိုးမျာကိုသာခံစားနေရပေလိမ့်မည်။ ထို့ကြောင့်တမလွန်ဘ၀ကို
လက်မခံသောသူအတွက် ယခုကော နောင်ပါကောင်းနိုင်လိမ့်မည်မဟုတ်ပေ။
တမလွန်ဘ၀ကိုလက်ခံသောသူသည်ကား မကောင်းတာကိုလုပ်လျှင် မကောင်းကျိုးခံစားရမည်။မကောင်းသောဘုံသို့ရောက်မည်ဟု ယုံကြည်သောကြောင့် မကောင်းတာမှန်သမျှ မလုပ်ဖြစ်တော့။
ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်။ ကောင်းသောဘုံသို့ရောက်မည်ဟူ၍ ယုံကြည်သောကြောင့် လောကကိုကောင်းကျိုးပြုသော ပရဟိတအလုပ်ကို
များများလုပ်ဖြစ်၏။ ထို့ကြောင့် ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းခြင်းကိုခံ၏။ ဤကားတမလွန်ဘ၀ကို လက်ခံသောသူအတွက် ယခုဘ၀မှာ ရသောကောင်းကျိုးပင်ဖြစ်၏။
ထိုသူသေသွားလျှင် နောင်ဘ၀ဆိုတာမရှိခဲ့လျှင်လည်းဘာမှမဖြစ် နောင်ဘဝ
ရှိခဲ့လျှင်လည်း ကောင်းတာကို ပြုလုပ်ခဲ့သောသူဖြစ်သောကြောင့် ကောင်းသောဘုံသို့ရောက်ပြီး ကောင်းသောအကျိုးကိုသာခံစားရမည်ဖြစ်သည်။
ဤကားတမလွန်ဘ၀ကို လက်ခံသောသူအတွက် သံသရာကောင်းကျိုးပင်ဖြစ်၏။
ဤအကြောင်းကို မြတ်ဗုဒ္ဓသည် အပဏ္ဏဇတ်တော်တွင် တမလွန်ဘ၀ကို လက်ခံခြင်းနှင့် လက်မခံခြင်းအတွက် ဖြစ်ပေါ်နိုင်မည့် အကျိုးဆက်များကို
ဟောထားတော်မူခဲ့ခြင်းဖြစ်ပါသည်။ ( မေတ္တာရှင်ရွှေပြည်သာဆရာတော်အရှင်ဇ၀န)။

Friday, September 7, 2012

ရုပ်ပွားဆင်းထုတော် ပူဇော်ရခြင်းအကျိုးများ။



မြတ်စွာဘုရား၏ရုပ်ပွား ဆင်းထုတော်ကို ပူဇော်ရှိခိုးကြသည့်သူများသည် ‘’သက်တော်ထင်ရှားမြတ်စွာဘုရားပါတကား’’ ဟုဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးသူများဖြစ်ကြပါသည်။
ဤကဲ့သို့ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် ‘’သမေ စိတ္တေ သမံ ဖလံ ‘’ဆိုသည့်အတိုင်း ဘုရားဟောပါဠိတော်အရ
အကျိုးထူးများ ရရှိနိုင်ပါသည်။
‘’ စိတ္တေ၊မိမိစိတ်သည်။ သမေ၊သက်တော်ထင်ရှားမြတ်စွာဘရား၏ ဆင်းထုတော်နဲ့ အညီအမျှထားနိုင်သည်ရှိသော် ။ သမံ ဖလံ၊ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးထူးတရား အတူတူပင်ရရှိနိုင်ပါသည်’’ ထို့ကြောင့်ရုပ်ပွားဆင်းထုတော်ကိုယ်းကွယ်သူများ၏ စိတ်သည် အချုပ်ဖြစ်သည်။
မိမိစိတ်သည်စွမ်းလျှင် မိမိအား အကျိုးပေးမည်သာ ဖြစ်ပေသည်။
မိမိတို့နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းထုတော်ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်။ ဒီ့ထက်တတ်နိုင်ပါက စင်ကိုပိတ် လိုက်ကာ ၊သို့မဟုတ် ဇာလိုက်ကာဖြင့် ကန့်လန့်ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့်အချိန်တွင် ဘုရားစင်လိုက်ကာ ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။
ဘုရားစင်ရှေ့ ဒူးထောက်ပေါင်ကား မနေသင့်ပေ။ မြတ်ဗုဒ္ဓကို အဂါရ၀ဖြစ်အောင် ပြုလုပ်နေထိုင်လျှင်
အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်။ ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ ။အမင်္ဂလာ စကားမပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။
မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းထုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ
အကျိုးကျေးဇူး (၉) မျိုးရရှိပါသည်။
၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းဖြစ်သည်။

၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ယုံကြည်မှုလေးနက်လာသည်။

၃။ အိမ်တွင်ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ်
ထက်မြက်ခြင်းများဖြစ်လာသည်။

၎။ နေ့စဉ်နဲ့အမျှ ကုသိုလ်တရားများ တိုးပွားလာပါသည်။

၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေချာကြည့်၍ အာရုံပြုလိုက်ခြင်းအားဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှာ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။

၆။ အိမ်တွင်ဘုရားစင်ရှိသဖြင့် နာနာဘ၀ ၀နာဘ၀များ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။

၇။ ဆင်းရဲဒုက္ခများကို သည်းခံလာနိုင်သည်။

၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျ နနထားလျှင် အိမ်ကျက်သရေ၊ လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

၉။ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်အတူပေါင်းသင်းနေရသကဲ့သို့ ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။
(ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ ထုတ်ယူတင်ပြပါသည်)။

Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488